Home
မြန်မာသတင်း
စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်မှုကြောင့် ကျေးရွာနေပြည်သူများ ကျီးလန့်စာစားနေရ
DVB
·
March 27, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်မှုတွေကြောင့် ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေမှာ ကျီးလန့်စာစားနေရတာကြောင့် ညဘက်အချိန်တွေမှာတောင် လုံခြုံစွာအိပ်စက်ဖို့ မရဲဘူးလို့ ကျေးရွာနေ ပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ဒေသက ကျေးရွာတွေဘက်မှာပါ မဲနှိုက်ခိုင်းမယ်ဆိုပြီး သတင်းစထွက်ပေါ်လာတည်းက ပြည်သူတွေမှာ ညဘက်အိပ်စက်ဖို့ အထိတောင် ကြောက်ရွံ့နေကြပြီး စစ်မှုထမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ လူမှုကွန်ရက်ပေါ်က သတင်းတွေကို အမြဲနားစွင့်နေကြရတယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “ရွာမှာမဲနှိုက်မယ်ဆိုပြီး မဲမဆွဲခင် ကာလတည်းက ပြောတော့ လူတွေ ကြောက်ပြီးတော့ ညဘက်တွေမှာဆို အစောကြီး မအိပ်ကြရဘူး။ ညနက် အရုဏ်တက်ချိန်လောက်မှာပဲ အိပ်ရဲကြတယ်။ ကြောက်ပြီးတော့ အိပ်လို့မပျော်ကြဘူးပေါ့ကွယ်။ အမြဲတမ်း သတင်းတွေ နားထောင်ပြီး နေနေကြတယ်။ ပြီးတော့ ရွာတွေလည်း တရွာနဲ့တရွာ အခြေအနေတွေကို အကျိုးအကြောင်း လှမ်းမေးနေရတယ်” လို့ ပြောပါတယ်။

အခုဆိုရင် စစ်ကောင်စီက မဲနှိုက်တာတွေ လုပ်ဆောင်လာပြီးနောက် အရပ်သား ပြည်သူလူထုကြား စိုးရိမ်မှု ပိုမြင့်တက်လာပြီး မြို့ပေါ်ဒေသနဲ့ ဝေးကွာတဲ့ ကျေးရွာတွေက ပြည်သူတွေမှာ လုံခြုံမှု ပိုနည်းပါးလာသလို ခံစားလာရတယ်လို့ ပြောပါတယ်။

မြိတ်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့မှာလည်း စစ်မှုထမ်းဖို့ မဲနှိုက်ရပြီးနောက် မဲပေါက်တဲ့ လူငယ်တချို့မှာ စစ်မှုမထမ်းချင်ကြတာကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင် နေကြတာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ကျွန်းစုနဲ့ မြိတ်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရွာသားတွေဆီကနေ ငွေကြေးတောင်းခံတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024