Home
မြန်မာသတင်း
ကျုံပျော်တွင် စစ်တပ်က လုံခြုံရေးအကြောင်းပြပြီး ရေယာဉ်များကို ဖမ်းဆီးငွေညှစ်
DVB
·
March 27, 2024

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး ရေယာဉ်တွေကို စစ်ဆေးကာ ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ အရပ်ဝတ်နဲ့ တာဝန်ရှိသူတွေလို့ ဆိုသူတွေက ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသလုံခြုံရေးလို့ ခေါင်းစဉ်တပ်ပြီး မတ် ၂၀ ရက်က စတင်ကာ ရက်ဆက် ရေယာဉ်တွေ ဆိုက်ရောက်တာများတဲ့ ဆိပ်ကမ်းတွေမှာ အသင့်စောင့်ပြီး စက်လှေငယ်တစီးကို ငွေ ၅၀,၀၀၀ အထိ စစ်ဆေးငွေညှစ်နေတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “စကစ အကောင်တွေက တောင်းလို့ကိုမဝဘူး၊ တော်တော်ဆိုးနေတာ။ လုံခြုံရေးအတွက်ဆိုပြီး ဆင်းစစ်တော့ လိုင်စင်မရှိတာကြောင့်ဆိုပြီး ငွေညှစ်တာ။ ၅၀,၀၀၀ ပေးလိုက်ရတယ်။ အဖမ်းမခံနိုင်ဘူးလေ၊ သူတို့လက်ထဲရောက် သေမှာ။ လိုင်စင်ရှိသင့်တဲ့ သင်္ဘောကြီးမှ မဟုတ်တာ။ ကိုယ့်ဒေသထွက် သီးနှံလေးတွေ မြို့တက်ရောင်းဖို့ စက်တပ်ထားတဲ့ စက်လှေလေးပါ” လို့ ပြောပါတယ်။

အဲဒီ လုံခြုံရေးအကြောင်းပြ ငွေညှစ်တဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့ဟာ အနည်းဆုံး အင်အား ၁၇ ဦးလောက်ပါပြီး မြို့ပေါ်ကို ကျေးရွာဘက်က ဒေသခံပြည်သူတွေ ငါး၊ အသား၊ ပုစွန်နဲ့ ဒေသထွက်ကုန်တွေ လာရောင်းတာများတဲ့ မနက်စောစောအချိန်နဲ့ ညနေဘက် အချိန်တွေမှာ စောင့်ပြီး လုပ်တာများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျုံပျော်ဒေသခံတဦးက “စစ်မှုထမ်းဥပဒေ မထုတ်ခင်ရက်က အခုလိုလုပ်တာ ၁၅ ရက် တခါလောက်ပေါ့။ အခုတော့ ရက်ဆက်ပဲ။ လက်နက်တွေအပြည့်နဲ့၊ တောင်းတဲ့အတိုင်းမပေးရင် အဖမ်းခံရမယ်လို့ ခြိမ်းခြောက်သေးတယ်။ ရဲတွေကော ပြည်သူ့စစ်တွေကောက မနက်မိုးမလင်းသေးဘူး အရက်သောက်ထားတာ၊ မူးနေတဲ့ပုံပေါက်နေတာ။ ပြည်သူ့အတွက် လုံခြုံရေးဆို ဘာလို့ ငွေညှစ်လဲ၊ ဘာလို့ခြိမ်းခြောက်မလဲ။ သူတို့ပဲ ကြောက်နေရတာ” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ်အနေနဲ့ တလကို ငွေကျပ်သိန်း ၁,၅၀၀ အထိ လစဉ်တိုင်း စစ်ကောင်စီကို ရန်ပုံငွေရှာပေးဖို့ သတ်မှတ်ထားတာရှိတာကြောင့် အခုလိုတွေလုပ်နေရတာလို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေက ဆိုပါတယ်။

ဒါ့အပြင် ကျုံပျော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း မော်တော်ဆိုင်ကယ်ဦးထုပ် မဆောင်းလို့ဆိုပြီး လူငယ် အမျိုးသား ခုနှစ်ဦးလောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးပြီး တဦးကို နှစ်သိန်းဆီ ငွေညှစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024