Home
နိုင်ငံတကာ
ဇင်ဘာဘွေတွင် အလုပ်ကြမ်းခိုင်းစေခံရသည့် ကလေး ၂၀၀ ကျော်ကို ကယ်တင်
DVB
·
March 15, 2024

ဇင်ဘာဘွေရဲတပ်ဖွဲ့ဟာ အကြားအမြင်ရတဲ့ ဘာသာရေးဂိုဏ်းခေါင်းဆောင်လို့ သူ့ကိုယ်သူ သတ်မှတ်ထားသူတဦးရဲ့ ခြံဝင်းကို ဝင်ရောက်စီးနင်းပြီး အလုပ်ကြမ်းတွေ ခိုင်းစေခံနေရတဲ့ ကလေး ၂၀၀ ကျော်ကို ကယ်ထုတ်ခဲ့ပြီးနောက် မတ် ၁၄ ရက်မှာ ဂိုဏ်းခေါင်းဆောင် အစ္စမေးလ် ချိုကူရွန်ဂါဝါကို ကလေးသူငယ် အလွဲသုံးစားပြုမှုနဲ့ တရားရုံးမှာ တရားစွဲထားပါတယ်။

မြို့တော် ဟာရာရီရဲ့ အနောက်ဘက် ၃၀ ကီလိုမီတာအကွာ ညာဘီယာကျေးရွာရှိ ခြံဝင်းကို ဒီသီတင်းပတ်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး သူ့ကိုယ်သူ ပရောဖက်ပုံစံ ဖမ်းထားတဲ့ အသက် ၅၆ နှစ်အရွယ် အစ္စမေးလ် ချိုကူရွန်ဂါဝါနဲ့ သူ့နောက်လိုက် ခုနှစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကလေးငယ်တွေကို စျေးပေါတဲ့ အလုပ်သမားအဖြစ် အတင်းအကျပ် အနိုင်ကျင့်ခိုင်းစေတာဖြစ်ပြီး ဘဝရှင်သန်မှု အတတ်ပညာတွေကို သင်ကြားပေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ကာယသုံးတဲ့ အလုပ်တွေကို လုပ်ခိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က ခြံထဲမှာ ကျောင်းမတက်တဲ့ ကလေး ၂၅၁ ယောက်ကို တွေ့ရှိခဲ့ပြီး သူတို့အများစုမှာ မွေးစာရင်း မရှိကြပါဘူး။

ဒါ့အပြင် သင်္ချိုင်း ၁၆ ခုကိုလည်း တွေ့ရှိခဲ့ပြီး မွေးကင်းစ ကလေးငယ် ခုနှစ်ဦးရဲ့ သင်္ချိုင်းတွေလည်း ပါဝင်နေကြောင်းနဲ့ သူတို့အားလုံး မွေးစာရင်း မသွင်းထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စီးနင်းမှုလုပ်ဆောင်နေချိန်အတွင်း ဘုရားကျောင်းအဖွဲ့ဝင်တွေဟာ သစ်ပင်တွေအောက်မှာ သီချင်းတွေ ထိုင်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ရဲကားတွေ ဝန်းရံထားတဲ့  ဘတ်စ်ကားတွေနဲ့ သူတို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ချိုကူရွန်ဂါဝါဟာ ရဲတွေကို ငါးမွေးမြူရေးခြံနဲ့ အလုပ်ရုံတချို့အပြင် သင်္ချိုင်းနေရာ အပါအဝင် ခြံတဝိုက်ကို ပြသခဲ့ပြီး နောက်ပိုင်းတော့ သူ့ကို ဖမ်းဆီးခဲ့တာပါ။

“ဒီလယ်ကွင်းဟာ သူတို့အဖွဲ့ဝင်တွေကို ကျွေးမွေးဖို့ ကူညီပေးတဲ့ စီမံကိန်း တစိတ်တပိုင်းဖြစ်ပြီး ဘယ်သူကမှ အစာရေစာငတ်မွတ်မှု မရှိကြောင်းနဲ့ သူတို့ဟာ ငြိမ်းချမ်းတဲ့ အသင်းတော်ဖြစ်ပြီး ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှုမရှိကြောင်း” ဂိုဏ်းခေါင်းဆောင် ချိုကူရွန်ဂါဝါက ပြောပါတယ်။

သူတို့ဟာ နေမကောင်းဖြစ်ရင် ဆေးဝါးကုသမှုခံယူဖို့ ဆေးရုံကိုမသွားဘဲ သူတို့ဝေဒနာကို ဘုရားသခင် ကုစားပေးဖို့ အပ်ထားခဲ့တယ်လို့ အသင်းတော်ခေါင်းဆောင် ဂျိမ်းစ်ဂွမ်ဇီက ပြောပါတယ်။

တရားဝင်ပညာရေးဟာ ဘုရားရဲ့အမိန့်နဲ့ ဆန့်ကျင်ဘက်မို့လို့ ကလေးတွေက ကျောင်းမတက်ကြဘူးလို့လည်း ဆိုပါတယ်။

“ကလေးတွေကို ကျောင်းပို့ရင် မိုးရွာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျန်တဲ့နိုင်ငံတွေမှာ မိုးမရွာဘူး။ သားသမီးတွေကို ပညာသင်ကြားဖို့ လွှတ်လိုက်ရင် ဒီနေရာမှာ မိုးခေါင်ရေရှား ဖြစ်သွားမှာစိုးလို့” ဖြစ်ကြောင်း ဂွမ်ဇီက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024