Home
နိုင်ငံတကာ
တိရစ္ဆာန်အသားနေရာ အစားထိုးနိုင်မည့် အမဲသားဆန် တောင်ကိုရီးယားပညာရှင်များ ဖန်တီး
DVB
·
March 15, 2024

တိရစ္ဆာန်အသားနေရာ အစားထိုးနိုင်မယ့် အမဲသားဆန် (Beef Rice) ဖန်တီးနိုင်ပြီလို့ တောင်ကိုရီးယား သိပ္ပံပညာရှင်တွေက ထုတ်ပြန်ပါတယ်။

အမဲသားဆန်ဟာ ရှေရှည်တည်တံ့၊ အဖိုးနှုန်းချိုသာပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်တဲ့ ပရိုတိန်းဓာတ် အပြည့်အဝပေးနိုင်တဲ့ ရင်းမြစ်တခု ဖန်တီးရာမှာ အဓိက အောင်မြင်မှု ခြေလှမ်းတရပ် ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အခုလထုတ် Matter ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနမှာ အမဲသားဆန်ဟာ တိရစ္ဆာန်ကြွက်သားနဲ့ အဆီဆဲလ်တွေ ပေါက်ပွားစေဖို့ အစေ့အဆန်ကိုသုံးတဲ့ ပထမဆုံးထုတ်ကုန် ဖြစ်တယ်လို့ ဆိုးလ်မြို့၊ ယွန်ဆိုင်းတက္ကသိုလ်က ပါမောက္ခ ဂျင်ကီးဟောင်က ဆိုပါတယ်။

ပထမဆုံး ဆန်စေ့တွေကို အင်ဇိုင်းတွေနဲ့ ထိတွေ့ပြီး ဆဲလ်ပေါက်ဖွားဖို့ အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ အဲဒီနောက်မှာ နွားဆဲလ်တွေနဲ့ ရောယှက်စေပြီး ပန်းရောင်ဆန်စေ့နဲ့ အသွင်တူတဲ့ မျိုးစပ်ထုတ်ကုန်ကို ဖန်တီးတာ ဖြစ်ပါတယ်။

အမဲသားဆန်ဟာ ပုံမှန်ဆန်ထက် ပရိုတိန်းဓာတ် ၈ ရာခိုင်နှုန်းပိုရပြီး အဆီဓာတ် ၇ ရာခိုင်နှုန်း ပိုပါပါတယ်။

ပရိုတိန်းဓာတ်ရဲ့ ၁၈ ရာခိုင်နှုန်းဟာလည်း တိရစ္ဆာန်က အခြေပြုတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝစေတယ်လို့ ပါမောက္ခ ဟောင်က ဆိုပါတယ်။

တကီလိုဂရမ်ကို နှစ်ဒေါ်လာသာ ကျသင့်သလို သမားရိုးကျ အမဲသားတွေထက် ပတ်ဝန်းကျင် ထိခိုက်မှုလည်း သက်သာတယ်လို့ ဆိုပါတယ်။

ဒီလိုဓာတ်ခွဲခန်းထဲကထုတ်တဲ့ အသားမျိုး ဖန်တီးတာ ယွန်ဆိုင်းတက္ကသိုလ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

ကမ္ဘာတဝန်းက ကုမ္ပဏီတွေဟာ ဒီလိုဖန်တီးထုတ်လုပ်တဲ့ အသားအမျိုးမျိုး စမ်းသပ်နေကြပါတယ်။ အပင်ကနေထုတ်တဲ့ ကြက်သား၊ ပဲပိစပ်ကထုတ်တဲ့ ငါးရှဉ့် စတာမျိုးတွေအထိ ရှိနေပါတယ်။

အခုထုတ်တဲ့ အမဲသားဆန်ကတော့ ပဲပိစပ်တို့ တခြားအစေ့အဆန်တို့က ထုတ်တာတွေထက် ဓာတ်မတည့်နိုင်ခြေ ပိုနည်းမယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024