Home
မေးမြန်းခန်း
“အခုချိန်အခါက တိုက်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်” နိုင်ဗညားလယ်နှင့် မေးမြန်းချက်
DVB
·
February 15, 2024

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကိုကာကွယ်ဖို့နဲ့ အမျိုးသားတန်းတူရေး၊ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်ဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်‌ရေး) နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာပါတယ်။

မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး  အခုလို စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ ဘာကြောင့် စစ်တပ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သလဲဆိုတာကိုသိရဖို့  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်‌ရေး) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်ကို ဒီဗွီဘီ သတင်းထောက် အောင်သူက ဆက်သွယ် မေးမြန်းထားပါတယ်။

(အပြည့်အစုံ) 

မေး - မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်‌ရေး)အဖွဲ့အနေနဲ့ အခုလို ထုတ်ပြန်ကြေညာလိုက်ရတဲ့   အကြောင်းရင်းက ဘာများဖြစ်မလဲ။

ဖြေ - “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် ကျနော်တို့က တက်လာတဲ့ အစိုးရအဆက်ဆက်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီနဲ့လည်း သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့တယ်။ ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူတွေ၊ ကိုယ့်ရဲ့အမျိုးသားအခွင့်အရေးတွေ တင်ပြဆွေးနွေးခဲ့တယ်။ တင်ပြဆွေးနွေးတဲ့အပေါ်မှာ တစုံတရာ တုံ့ပြန်ချက်တို့၊ ရလဒ်တို့ ဘာမှ မရရှိခဲ့ဘူး။ သူတို့ ခင်းထားတဲ့ အခင်းအကျင်းပေါ်မှာပဲ လိုက်ပါဆောင်ရွက်နေရတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ပါတီအနေနနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်တယ်။ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးလို့ ရလဒ် မရတော့ဘူးပေါ့။  ကျနော်တို့ လိုလားတဲ့ပန်းတိုင် ရောက်ရှိဖို့အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှပဲ ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အပြည့်အဝ ရနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်တို့က စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်တဲ့ နည်းလမ်းနဲ့ သွားမှပဲ ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒီယုံကြည်ချက်အပေါ်မှာ ကျနော်တို့က ပါတီညီလာခံမှာ တင်ပြဆွေးနွေးခဲ့တယ်။ ပါတီညီလာခံမှာကျတော့ နိုင်ငံရေးအရ ဆွေးနွေးပွဲကို ရပ်ဆိုင်းသော်ငြားလည်း စစ်ကောင်စီနဲ့ Biliteral သဘောတူညီချက်ကိုပဲ သူတို့က ဆက်လက်သွားဖို့ သဘောထား ချမှတ်ခဲ့တယ်။ အဲဒီအပေါ်မှာ ကျနော်တို့အနေနဲ့ လက်မခံနိုင်တဲ့ အင်အားစုတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ အဲဒါကြောင့် ဒီအတိုင်းသွားနေရင်တော့ကျနော်တို့ လိုလားတဲ့ ပန်းတိုင် ရောက်ရှိနိုင်လိမ့်မယ်လို့ မမြင်လို့ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်လမ်းကိုယ် ဖောက်တဲ့အနေနဲ့ ယုံကြည်ချက်၊ ရပ်တည်ချက် တူညီတဲ့ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်မှူး၊ တပ်ကြပ်၊ တပ်သားတွေနဲ့ စုစည်းပြီးတော့ အခုလိုများ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်။”

မေး - ဒါဆို အဓိက ဆိုလိုချက်က မွန်ပြည်သစ်ပါတီအတွင်းမှာ သဘောထားနှစ်ရပ် ကွဲသွားပြီး အုပ်စုနှစ်ရပ် ကွဲသွားတဲ့ပုံစံမျိုးလား.

ဖြေ - “သဘောထားကွဲပြီးတော့ ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ် ဆက်လျှောက်ကြမယ့် ပုံစံမျိုးပေါ့။”

မေး - ဒါဆို မိခင် မွန်ပြည်သစ်ပါတီအဖွဲ့အစည်းအနေနဲ့ ဘယ်လို ဖြစ်သွားမှာလဲ။ မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲသွားတာလား၊ ဘယ်လို ဆက်သွားမှာလဲ။

ဖြေ - “နှစ်ခြမ်းပုံစံတော့ ဖြစ်သွားမယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ ပါတီတခုလုံးအနေနဲ့ ရည်ရွယ်ချက် ပန်းတိုင်တော့ တူတယ်၊ ဒါပေမဲ့ သွားမယ့်နည်းလမ်းတော့ မတူကြဘူး။ ကိုယ် ယုံကြည်ရာနည်းလမ်းနဲ့ ကိုယ်တဲ့ပုံစံနဲ့ သွားမယ်လို့ မြင်ပါတယ်။”

မေး - စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်ပြီးတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးမှုယူမှ ရမယ်ဆိုတဲ့ အစုအဖွဲ့တခုတော့ ပေါ်လာပြီပေါ့။ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက Biliteral ကိုပဲ ဆက်စွဲကိုင်ထားပြီးတော့ စစ်တပ်နဲ့ ဆွေးနွေးရေးလမ်းကြောင်းတခု ဆက်ရှိနေတော့ မွန်ပြည်သစ်ပါတီရဲ့ စည်းလုံးမှုပုံစံက ဘယ်လိုမျိုး ကွဲသွားမှာလဲ။ မွန်ပြည်သစ်ပါတီရဲ့ ခေါင်းစဉ်အောက်ကနေ ကွဲထွက်သွားမှာလား။ ဒါမှမဟုတ် တသီးပုဂ္ဂလအနေနဲ့ အစုအဖွဲ့တခု ဖြစ်သွားမလား။

ဖြေ - “ခွဲတယ် ဆိုတဲ့ အသုံးအနှုန်းတော့ ကျနော်တို့ မသုံးချင်ဘူး။ ကျနော်တို့နည်း ကျနော်တို့လမ်းနဲ့ သွားတဲ့ အင်အားစုတွေလို့ပဲ သုံးစေချင်တယ်။ ကျနော်တို့ အချင်းချင်းကြားမှာလည်း ပဋိပက္ခမဖြစ်အောင် အဓိက ရှောင်ရှားသွားပါမယ်။”

မေး - မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်ဧရိယာတွေက ဘယ်လိုကွဲပြားသွားမလဲ။

ဖြေ - “အဓိက ကျနော်တို့ လှုပ်ရှားမယ်ဆိုရင်တော့ မွန်ပြည်သစ်ပါတီရဲ့ လှုပ်ရှားနယ်မြေတွေမှာ ကျနော်တို့ မလှုပ်ရှားဘူး။ ပြည်သူလူထု အများစုနေထိုင်တဲ့ ဒေသတွေမှာ ကျနော်တို့က ထိုးဖောက်လှုပ်ရှားရမယ်။”

မေး - မိခင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးမူဝါဒ၊ စစ်ရေးမူဝါဒတွေ ရှိနေတဲ့အချိန်မှာ အခုလို စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ပြီးမှ ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ့်ကြမ္မာဖန်တီးခွင့်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်လို ချမိသွားတာလဲ။

ဖြေ - “အဲဒါက ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ၊ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေက ရရှိခဲ့တဲ့ အတွေ့အကြုံတွေပေါ့။ စစ်ကောင်စီဘက်က ရပ်တည်ချက်က ၂၀၀၈ အထိုင်ကနေပဲ ဘောင်ကနေပဲ ဆွေးနွေးတယ်။ သူတို့ရဲ့သဘောထားက တနေ့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ ပြေလည်သွားတဲ့တနေ့ကျရင် ကျနော်တို့တိုင်းရင်းသားတပ်တွေကို သူတို့လက်အောက်ထဲမှာ သွင်းမယ်။ တကယ်လို့ အသက်ကြီးတဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ ပါတီထောင်ရင်ထောင်၊ သို့မဟုတ် စီးပွားရေးကုမ္ပဏီ ထောင်ရင် ထောင်ပေါ့။ အဲဒီပုံစံပေါ့၊ ကျနော်တို့ကတော့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ သဘောတူညီချက် ရရှိပြီးတဲ့အချိန်ကျရင် ကျနော်တို့ လက်ရှိ ရှိနေတဲ့ တိုင်းရင်းသားတပ်တွေကို ပြည်နယ်လုံခြုံရေးဖြစ်ဖြစ်၊ ပြည်နယ်စောင့်တပ်ဖြစ်ဖြစ် သွားချင်တယ်။ လက်ရှိ ရှိနေတဲ့ အင်စတီကျူးရှင်းကို မဖျက်ချင်ဘူး။ အဲဒါက တော်တော်လေးကို အမြင်ကွဲပြားတယ်။ တကယ်လို့ အခုအချိန် မတိုက်ရင်လည်း နောင်တချိန်တော့ မလွဲမသွေ တိုက်ရမှာပဲ။ အဲဒီ မလွဲမသွေအခြေအနေ အချိန်အခါကို စောင့်နေမယ်အတူတူ အခုချိန်အခါက တိုက်ဖို့ အကောင်းဆုံးလို့  ကျနော်တို့ ဆုံးဖြတ်ပြီး ထုတ်ပြန်ကြေညာရခြင်း ဖြစ်တယ်။”

မေး - မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး အစုအဖွဲ့မှာ မိခင်ပါတီရဲ့ ခန့်မှန်းခြေ ရာခိုင်နှုန်း ဘယ်လောက် ပါလာခဲ့လဲ။

ဖြေ - “လောလောဆယ်တော့ မခန့်မှန်းနိုင်သေးဘူး။ ထုတ်ပြန်ကြေညာချက် ထုတ်ပြီးမှ ကျနော်တို့ရဲ့လက်အောက်မှာ ရှိနေတဲ့ ပါတီဝင်၊ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ဆွေးနွေးပြီးတော့ သူတို့ စိတ်အားထက်သန်ရင် လိုက်ပူးပေါင်း၊ စိတ်အားမထက်သန်ရင် အရင်ကအတိုင်းပဲ နေပေါ့။ ကျနော်တို့က ဘာမှလည်း တစုံတရာ ဝေဖန်တာမရှိပါဘူး။ ပြောဖို့ခက်တာက တချို့လူတွေက ပြောင်ပြောင်တင်းတင်း ဆန္ဒသဘောထားပေးဖို့ အခြေအနေမပေးဘူး။”

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024