Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ၁ ဦးသေဆုံး၊ အရာတော်နှင့် ဝက်လက်တွင် တိုက်ပွဲဖြစ် 
DVB
·
February 15, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး တယောက် သေဆုံးခဲ့ပြီး စျေးဆိုင်နဲ့ ကား တစီး မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှတတ်ကြွ လှုပ်ရှားသူများအဖွဲ့တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၄ နာရီမှာ ၁ ကြိမ်၊ ညနေ ၆ နာရီမှာ တကြိမ် တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး ပထမအကြိမ် တိုက်ခိုက်မှုမှာ မော်တုံကျေးရွာ အနောက်ဘက်က စျေးဆိုင် တဆိုင် ထိမှန်ကာ မီးလောင်ပြာကျသွားခဲ့ပြီး အမျိုးသမီး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါတယ်။

အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်မြစန်းရီလို့ခေါ်တဲ့ စျေးဆိုင်ပိုင်ရှင်အမျိုးသမီးကတော့ မီးလောင် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုမှာ ကျွန်းလှမြို့နယ် ဝေသော်ရွာနဲ့ ပေပင်ချောင်းရွာ ဆက်ထားတဲ့ လမ်းမပေါ်က ဒေသအခေါ် ကံကြီးကွင်း အနီးတဝိုက်က ကားတစီး ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှတတ်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “မနေ့က ညနေ ၄ နာရီ ၃ မိနစ်လောက်မှာ မန်တုံအနောက်ဘက်ကို လေကြောင်းတိုက်ခိုက််မှုလုပ်တယ်၊ ရွာအနောက်က စျေးဆိုင်ကြီးကို ထိတာပေါ့။ ဆိုင်လည်း မီးလောင်ဆုံးရှုံးပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးလည်း မီးလောင်ပြီးဆုံးသွားတယ်။ အခြားအမျိုးသမီး နှစ်ဦးလည်း ဒဏ်ရာရတယ်၊ သိပ်တော့ မစိုးရိမ်ရဘူး။ ဝေသော်နဲ့ ပေပင်ကြားမှာတော့ ကားတစီးဆုံးရှုံးသွားတယ်ပေါ့၊ ကားဆရာကတော့ မစိုးရိမ်ရဒဏ်ရာရထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကန့်ဘလူခရိုင်အတွင်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူနေထိုင်ရာ ကျေးရွာတွေ၊ သာသနိကအဆောက်အအုံတွေ၊ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ညနေ  ၆ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း စစ်ကောင်စီနယ် မြေခံအထိုင်ရဲစခန်းရှိတဲ့ ရှိမ်းမကားကျေးရွာက စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်တွေဆီက သိရပါတယ်။

တိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၈ ဗိုလ်စွန်ရဲအဖွဲ့၊ တိုက်နယ်ပကဖ၊ ဗိုလ်ကျားကြီးအဖွဲ့၊‌ မြွေပွေးအဖွဲ့နဲ့ ရဲရဲတောက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဝက်လက်အ‌ရှေ့ခြမ်းပြည်သူ့ကာကွယ် ရေးတပ်မှ ဗိုလ်ကျားကြီးက “တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ဘက်က စစ်ရေးလှုပ်ရှားမှု စလုပ်လာလို့ ကျနော်တို့ ဒေသခံပြည်သူ့ကာကွယ်ရေးဘက်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ရတာပါ။ အဓိကတော့ နယ်မြေတိုးချဲပြီး ကင်းဦးတိုးလာတာကြောင့် ကျနော်တို့ဘက်က ဟန့်တားရတာပါဗျ။ တိုက်ပွဲက သူတို့ဘက်နဲ့ ကျနော်တို့ဘက်က စနိုက်ပါနဲ့ စပစ်ခတ်တယ်။ စစ်ကောင်စီဘက်က တဦး မျက်မြင်ကျသွားတာမြင်ရတယ်ဗျ။ ကျသွားတဲ့ စစ်သားရဲ့ လက်နက်ရဖို့ ကြိုးစားသေးတယ်။ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး သူတို့အလောင်းသူတို့ ကောက်ပြီး နောက်ဆုတ်သွားတယ်ဗျ။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီး ၈ လုံးထက်မနည်း သုံးရတယ်။ လက်နက်ငယ်တွေနဲ့ပါ အသုံးပြုပြီပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့ ကျနော်တို့ဘက်ကမရှိခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှိမ်းမကားကျေးရွာဟာ ဝက်လက်နဲ့စစ်ကိုင်းမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်း ဘေးမှာတည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီအတွက် စစ်ရေးအရ ရေလမ်း၊ ကုန်းလမ်း အဓိကကျတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရှိမ်းမကားကျေးရွာက စည်ပင်သာယာစျေးနဲ့ လူနေအိမ်တွေကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက် ညမှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သစ်ကျင်းကြီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ အထိုင်စခန်းကို ဖေဖော်ဝါရီ ၁၃ ရက် နေ့ခင်း ၁ နာရီအချိန်က တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေစီကနေ သိရပါတယ်။

တိုက်ခိုက်မှုကို ဒရုန်းယာဉ်အပါဝင် ရှော့တိုက်ဒုံ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ဘက်‌နေ  ၆၀ မမ လက်နက်ကြီး ၂၂ လုံးပစ်တယ်။ Rocket လို့ ခေါ်တဲ့ ရှော့တိုက်ဒုံး ၅ လုံးနဲ့လည်း ပစ်ခဲ့တယ်ဗျ။ နောက်ပြီး ဒရုန်းယာဉ်နဲ့လည်း ၅ ကြိမ် ဗုံးသီးကြဲချ တိုက်ခိုက်တာတွေလည်း လုပ်ခဲ့တယ်။ သူတို့ဘက်ကလည်း ကျနော်တို့ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ဘူး။ ကျနော်တို့ ပစ်ခတ်လို့ စစ်ကောင်စီသေဆုံးမှုကတော့ အတိကျမသိရသေးဘဲ စုံစမ်းနေဆဲပဲ” လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ သပြေညိုပြောက်ကြားတပ်ဖွဲ့က ရဲဘော်တဦးက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၇ Black Dragon Force နဲ့ မိုင်းမင်းသား ပြောကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024