မောင်သော်ကအတွက် ရှစ်စက္ကန့် ငြိမ် (ဆောင်းပါး)
မောင်တူး
·
June 11, 2015

မောင်သော်ကဟာ စာတွေ အများကြီးရေးခဲ့တာမို့ ၁၉၈၁ ခုနှစ် ဇွန်လထုတ် သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာ ဆရာကြီး သခင်ဘသောင်းဈာပန ဆောင်းပါး ရေးခဲ့တုန်းက “ကျနော်သည် စာပေနယ်သို့သာ မရောက်ရှိခဲ့လျှင် စာရေးဆရာကြီး သခင်ဘသောင်းအကြောင်းကို ရေးသားရန် ထိုက်တန်သူတဦး မဟုတ်ပါ။ သခင်ဘသောင်းနဲ့ ခေတ်ပြိုင် သခင်စာရေးဆရာကြီးများသာလျှင် ရေးသားရန်သင့်သည့် ဆောင်းပါးဖြစ်ပါသည်။” လို့ အစချီခဲ့တယ်။
သခင်ဘသောင်း ကွယ်လွန်ဆောင်းပါးကို ဆရာမောင်သော်က ၁၉၈၁ ခုနှစ်မှာ ရေးခဲ့သလို အခု မောင်သော်က ကျဆုံး ၂၄ နှစ်မြောက် ဆောင်းပါးကို ကျနော် ရေးနေပြီ။ “ကျနော်ဟာ စာရေးဆရာကြီး မောင်သော်ကအကြောင်းကို ရေးဖို့ ထိုက်တန်သူတဦးမဟုတ်ပါ။ မောင်သော်ကနဲ့ ခေတ်ပြိုင် စာရေးဆရာကြီးများသာ ရေးသားသင့်တဲ့ ဆောင်းပါးဖြစ်ပါတယ်။” လို့ အစချီလိုပါတယ်။
“ငါ့တွင်ဒဏ်ရာ၊ ရခဲ့ပါ၏
သို့ငြားသော်လည်း ငါမသေ။
ငါ့ဒဏ်ရာလျှင်၊ သွေးစိမ်းရှင်ထွက်
တသက်မသေ၊ ငါမကျေ။
လဲလျောင်းခဏ၊ မနက်ဖြန်ထလို့
ငါတို့တိုက်ပွဲ ဆက်ဆင်နွှဲ။ ။”
ဟုတ်ပါတယ်။ တပ်ဦးက မောင်သော်က ကြွေးကြော်ခဲ့သလို တိုက်ပွဲဆက်နေကြဆဲပါ။ ဒီကဗျာကို ၈၈၈၈ အရေးတော်ပုံကာလ ၁၉၈၈ ခုနှစ် သြဂုတ် ၂၈ ရက်နေ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံမှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ဆရာမောင်သော်က ရွတ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အဲသည်တုန်းကတော့ မြန်မာနိုင်ငံရဲ့ စာပေနဲ့ အနုပညာရှင်တွေရဲ့ ကိုယ်စား သူ စကားပြောခဲ့တာပါ။ သူဟာ ၈၈၈၈ ကာလ စာနယ်ဇင်းသမဂ္ဂဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဆရာမောင်သော်က ကျဆုံးခဲ့တာ အခု ၂၀၁၅ ဇွန် ၁၁ ရက်မှာ ၂၄ နှစ် တင်းတင်းပြည့်ပါပြီ။ မောင်သော်က ဘယ်လိုလူစားလဲဆိုတာ သိချင်လွန်းလို့ လိုက်လံရှာဖွေ လေ့လာကြည့်ပါတယ်။ သူ့အကြောင်း ကျနော် သိထားသလောက်ကတော့ တပ်မတော်သားဘ၀၊ စာရေးဆရာဘ၀၊ အယ်ဒီတာဘ၀နဲ့ ၈၈၈၈ ကာလ တိုက်ပွဲဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဘ၀၊ အဖမ်းခံရပြီး နိုင်ငံရေးအကျဉ်းသားဘ၀၊ ထောင်ထဲမှာလည်း ဆက်လက် တိုက်ပွဲဝင်ခဲ့ပြီး ကျဆုံးသွားရသူ၊ ရှစ်စက္ကန့်ငြိမ် အလေးပြုခံထိုက်သူ ထာဝရ ဒီမိုကရေစီ သူရဲကောင်းကြီးပါ။
မောင်သော်ကရဲ့ ရေးဖော်ရေးဖက်၊ တိုက်ဖော်တိုက်ဖက် ဒါရိုက်တာ စာရေးဆရာကြီး မောင်မိုးသူ ခေါ် ဘကြီးမိုးကတော့ “ဆရာသော်နဲ့ ဘကြီးမိုးတို့ဟာ စာပေလောကမှာ အတူတူ စာရေးဆရာတွေပေါ့နော်။ မောင်သော်ကနဲ့အတူတူ စာပေဟောပြောပွဲတွေ သွားကြတယ်။ သူဟာ အင်မတန် ပျော်တတ်ပြီးတော့ အင်မတန် စာရေးကောင်းတယ်။ အထူးသဖြင့် သရော်စာ အရေးကောင်းတဲ့ စာရေးဆရာကြီး ဖြစ်ပါတယ်။ စာပေပွဲတွေ ဟောပြောတဲ့နေရာမှာလည်း သရော်စာ ဟောပြောတဲ့အတွက် အလွန်ထူးချွန်ပြီးတော့ အလွန်ကောင်းတဲ့ စာရေးဆရာကြီး အဖြစ်နဲ့ ဟောပြောပွဲတွေမှာလည်း နာမည်ကြီးပါတယ်။ အဲလိုနေခဲ့ကြရာက ၈၈၈၈ အရေးတော်ပုံကြီး ပေါ်တဲ့အခါကျတော့ အတူတူပါဝင်ခဲ့ကြတာပေါ့။” လို့ ပြောပါတယ်။
“ဆရာမောင်သော်ကဟာ တပ်မတော်သားဟောင်း၊ သရော်စာ အရေးကောင်းတဲ့ စာရေးဆရာ၊ သင်္ဘောသားများအတွက် အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ယူတဲ့ ခေါင်းဆောင်၊ ၁၉၈၉ မှာ စစ်အုပ်စုက ဖမ်းဆီးပြီး ထောင်အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရတယ်။ ထောင်ထဲမှာ ကြံ့ကြံ့ခံ တိုက်ပွဲတွေဝင်ရင်းနဲ့ ၁၉၉၁ မှာ ကျဆုံးခဲ့တယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီဘက်တော်သားတွေကို နှစ်ပေါင်းများစွာကတည်းက ထိခိုက်ကျဆုံး လူဖြစ်ရှုံးအာင် တိုက်ခိုက်သတ်ဖြတ်ခဲ့တာချည်းပါပဲ။” လို့ မိုးမခ အယ်ဒီတာ ကိုမောင်ရစ်ကလည်း ၂၀၀၉ ခုနှစ်ရေး သူ့ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။
“စာရေးဆရာ မောင်သော်ကနဲ့ စာရေးသူတို့ ၉ နှစ်ကြာမျှ ရင်းနှီးစွာ အတူတူ အလုပ်လုပ်ခဲ့ရလေသည်။ ဤတွင်မှ ကိုသော်ကသည် စစ်ထဲသို့ ၀င်ခဲ့သော်လည်း စစ်စိတ်စစ်မာန် တစက်တလေမှမရှိဘဲ စာရေးဆရာ၊ သတင်းစာဆရာစိတ်သာ အပြည့်အ၀ ရှိနေသည်ကို တွေ့သိရလေသည်။ မောင်သော်ကသည် ဟာသစာရေးဆရာဖြစ်၏။ လောကကြီး၏ ကမောက်ကမများ၊ အထူးသဖြင့် သာမန်လောကထက်ပို၍ ကမောက်ကမနိုင်သော စစ်ဝါဒ၏ အဖုအထစ်များကို သရော်လှောင်ပြောင် ရေးသားရာ၌ ဂုဏ်မြောက်အောင် ရေးသားနိုင်သူ သရော်စာ စာရေးဆရာဖြစ်၏။” လို့ ကွယ်လွန်သူ ၀ါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ကျောင်းသားတပ်မတော်ထုတ် ဒေါင်းအိုးဝေစာစောင်မှာ ရေးသားခဲ့ပါတယ်။
မောင်သော်ကအတွက် ရှစ်စက္ကန့်ငြိမ်ဖို့ ဘာကြောင့်လိုသလဲ....
“၁၉၈၈ နောက်ပိုင်း ဒီမိုကရေးအတွက် လှုပ်ရှားရင်း ကျဆုံးသွားသူများကို ၁၉၈၈ ခုနှစ်၊ ၈ လပိုင်း၊ ၈ ရက်နေ့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အသိအမှတ်ပြုခြင်းအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်ခြင်းဖြင့် အမှတ်တရ ဂုဏ်ပြုလေ့ရှိသည်။” ဆိုပြီး AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထုတ် - ရှစ်စက္ကန့်ငြိမ် စွန့်လွှတ်သူတို့၏ရာဇ၀င် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အကျဉ်းကျစဉ် ကာလအတွင်း ကျဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကြောင်းတွေကို အဲ့ဒီ ရှစ်စက္ကန့်ငြိမ်စာအုပ်မှာ မှတ်တမ်းတင်ထားတာပါ။ ဒီထဲမှာပါတဲ့ မောင်သော်က အကြောင်းကို ဖော်ပြပေးလိုက်ပါမယ်။
ဦးဘသော်(စာရေးဆရာ မောင်သော်က)
ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဇာတိဖြစ်သည်။
၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံရသည်။
၁၉၉၁ ခုနှစ် ဇူလိုင်လတွင် ကွယ်လွန်သည်။
ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။
နိုင်ငံရေးနောက်ခံ။ ။ မြန်မာ့တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးဘသော်ဟု လူသိများသည်။ မေယု တိုက်သင်္ဘောကို အင်္ဂလိပ်အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွှဲယူခဲ့စဉ်က ဦးဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ အထူးသဖြင့် သရော်စာရေးရာတွင် နာမည်ကြီးသူတဦး ဖြစ်သည်။ မဆလခေတ်တလျှောက်လုံး ခေတ်၊ စနစ်နဲ့ လူထုဘ၀ကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူဖြစ်သည်။ ၁၉၈၈ မတိုင်မီက ရေးသားခဲ့သည့် “တိုက်ရေယာဉ် ၁၀၃” အမည်ရှိ ၀တ္ထုဟန် ကိုယ်တွေ့မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် စာပေအနုပညာရှင်များက မြန်မာ့တပ်မတော်ကို “လူထုအား ရက်ရက်စက်စက် ပစ်ခတ်နေမှုများ ရပ်ဆိုင်းရန်” ကန့်ကွက်တောင်းဆိုသည့်အခါက ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် စာနယ်ဇင်းသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဆက်လက်ပါဝင်သည်။ ဗဟိုဦးစီးအဖွဲ့နဲ့ စစ်ကိုင်းတိုင်း စည်းရုံးရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် တပ်မတော်ရေကို ပြည်သူ့ဘက်က ရပ်တည်ရန် ရေတပ်အရာရှိများထံ အရာရှိဟောင်းတဦးအနေဖြင့် စာများ ရေးသားပေးပို့ခဲ့သည်။ ထို့အတွက် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရသောအခါ တပ်မတော်ဖြိုခွဲမှုဖြင့် စွဲချက်အတင်ခံရသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရသည်။
သေဆုံးပုံ။ ။ အဖမ်းမခံရခင်ကတည်းက ၎င်းတွင် ကုသ၍မရသော အကြောသေရောဂါ ရှိသည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက်ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့်အခင်းမျှမပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ်သွားသည်။ ထောင်ဆရာဝန်၏ သာမန်ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များနှင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် နှလုံးရောဂါ ဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း သေဆုံးခဲ့သည်။
ထောင်အရာရှိများ။ ။
ထောင်ပိုင်ကြီး (တာဝန်ခံအရာရှိ) ဦးဘိုကြည်
ထောင်မှူး (တာဝန်ခံ) ဦးပြုံးချို
ထောင်ဆရာဝန် ဒေါက်တာစိုးကြည်
မီးခြစ်တဆံ
အနှစ် ၂၀ ဆိုပါလားဟေ့ ...။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကို တပ်မက်စိတ်ရှိသူများက
ကြောင်သူတော် သောကနဲ့လေ...။
အနှစ် ၂၀ ဆိုပါလားဟေ့ ...။
ကောက်ကျစ်သော
အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့
လူလားမြောက်လာတဲ့
အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကို လေးစားခြင်းငှာ
မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ...။
အနှစ် ၂၀ ဆိုပါလားဟေ့ ...။
အကောင်းအဆိုး အပေါ်မှာ
ရှက်ဖွယ်လိလိ ဥပေက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာ မှန်သမျှနဲ့
မုသားပုဒ်မနဲ့လေ...။
အနှစ် ၂၀ ဆိုပါလားဟေ့ ...။
ရုပ်မှာ အာဏာနဲ့ကျည်ဆန်
နာမ်မှာဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့
ခုံရုံးအမိန့်နဲ့လေ...။
မီးပွားကလေးက နေပြီး
မီးတောက်ကြီး ဖြစ်လာတဲ့အခါမှာ
ကမ္ဘာပေါ်မှာ ရှိတဲ့
အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို
လောင်စားသွားလိမ့်မယ် (ဂေါ်ကီ)
နောင်… အနှစ် ၂၀ ကြာသောအခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာမယ်။ ။
- မောင်သော်က - (အင်းစိန်အကျဉ်းထောင်အတွင်းတွင် ရေးစပ်သည်။)