
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် အခွန်နှုန်းထား ပြန်လည်ပြင်ဆင် ကောက်ခံပေးဖို့အတွက် စစ်ခေါင်းဆောင်က အမေရိကန်သမ္မတထံ အကြောင်းကြားစာကို ဇူလိုင် ၁၀ ရက် နေ့စွဲနဲ့ ပြန်လည်ပေးပို့ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာနိုင်ငံ အပါအဝင် ၁၄ နိုင်ငံကို သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံထားမှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၇ ရက်က အကြောင်းကြားစာ ပေးပို့ထားတာပါ။
ဒီအကြောင်းကြားစာထဲမှာ မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် အခွန်နှုန်းထား ၄၄ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခု စစ်ခေါင်းဆောင်က ပြန်လည်ပေးပို့ရာမှာတော့ မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် အမေရိကန်အနေနဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ကောက်ခံပေးသွားဖို့နဲ့ အမေရိကန်နိုင်ငံက ပို့ကုန်တွေကိုတော့ မြန်မာနိုင်ငံက သုညကနေ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားလိုကြောင်း အဆိုပြုထားတာ ဖြစ်ပါတယ်။
ဒီနှုန်းထားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်ပါက အဆင်မြင့်ကိုယ်စားလှယ်တဖွဲ့ကို အမြန်ဆုံး စေလွှတ်ပေးသွားမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်ရဲ့ အကြောင်းကြားစာမှာ ပါဝင်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ အမေရိကန်သမ္မတထံပေးပို့တဲ့ အကြောင်းကြားစာအတွင်းမှာ အခွန်နှုန်းထား ချိန်ညှိကောက်ခံပေးဖို့အပြင် အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလည်း ဖြေလျှော့ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာတွေလည်း ပါဝင်နေပါတယ်။