
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီတဲ့ဟန်ဆောင်ပြီး ဝိုင်းဝန်းထိုးကြိတ်ကာ ဆိုင်ကယ်လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇူလိုင် ၉ ရက် ည ၇ နာရီကျော်လောက်က မြို့သစ်ကြီးရပ်ကွက် မိုင်တဲကွေ့နားမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ဆိုင်ကယ်မှောက်နေတာကို အသက် ၂၀ အရွယ် လူငယ် ၃ ယောက်က ကူညီသလိုဟန်ဆောင်ပြီး ဆိုင်ကယ်လုသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူက “ဆိုင်ကယ်စီးလာတဲ့သူက တယောက်တည်းလာတာ။ မှောက်သွားတာကို တွေ့တဲ့ လူငယ် ၃ ယောက်က ကူညီသလိုဟန်ဆောင်ပြီး လူကို ထိုးကြိတ်ပြီး ဆိုင်ကယ်ကို လုယက်သွားတာ။ ၃ ယောက် တယောက်လည်းဖြစ်သလို ပထမ ဆိုင်ကယ်မှောက်ထားတဲ့ ဒဏ်ရာလည်း နည်းနည်းရထားတော့ ပြန်မလုပ်နိုင်ဘဲ ခံရတာပေါ့” လို့ ပြောပါတယ်။
ဝိုင်းထိုးကာ ဆိုင်ကယ်လုယက်ခံရတဲ့ အမျိုးသားဟာ မေးစေ့နဲ့ ခြေလက်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူက “ပစ္စည်းလိုချင်တာကြောင့် လုပ်တဲ့အခြေအနေပါ။ အသတ်ခံရလည်း သေရမှာပဲ။ ဒီဘက်မှာ တရားဥပဒေစိုးမိုးမှု အရမ်းခက်တယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ လုယက်မှုတွေ၊ အိမ်ထဲထိ ဝင်ရောက်ဖောက်ထွင်းမှုတွေ မကြာခဏ ဖြစ်နေပေမဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ထိရောက်တဲ့ အရေးယူမှုတွေ၊ ဖမ်းဆီးမှုတွေ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
ဇွန် ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်ကလည်း ယုဇနရပ်ကွက်၊ ရွှေလမ်းဆုံလမ်းမကြီး ပွင့်ပွင့်ဖိနပ်ဆိုင်အနီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်က ဆိုင်ကယ်စီးလာတဲ့ ညီအမ ၂ ယောက်ဆီကနေ ဆွဲကြိုးလုယက်ဖြုတ်မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ဇွန် ၂၉ ရက်က ဂျပန်တံတားလမ်းမှာ အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို ဖြစ်စဥ်တွေ ဖြစ်ပွားမှုများလာတဲ့ အခြေအနေကြောင့် မြစ်ကြီးနားမြို့အတွင်း အမျိုးသမီးတွေအနေနဲ့ လက်ဝတ်ရတနာကို ဆင်မြန်းထားပါက လမ်းသွားလမ်းလာ အထူးသတိထားဖို့နဲ့ ဆိုင်ကယ်တယောက်တည်းစီး သွားလာတာကို သတိထားဖို့ လိုနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။