
အဆိုတော်သံသာဝင်းကို စစ်ကောင်စီက နိုင်ငံရေးပုဒ်မတွေတပ်ပြီး ဖမ်းဆီးထားတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး အခုလထဲမှာပဲ နိုင်ငံရေးပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။
နိုင်ငံကျော်အဆိုတော် နွဲ့ယဉ်ဝင်းရဲ့သမီးဖြစ်သလို အဆိုတော် အနဂ္ဂရဲ့ ဇနီးလည်းဖြစ်တဲ့ သံသာဝင်းနဲ့ အစ်ကိုဖြစ်သူတို့ကို ဘာအပြစ်မှမရှိဘဲ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ကတည်းက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးသွားပြီးနောက် သံသာဝင်းရဲ့ အစ်ကိုဖြစ်သူကို အခုဇူလိုင်လထဲမှာ ပြန်လွှတ်ပေးလိုက်ပြီး အဆိုတော်သံသာဝင်းကိုတော့ နိုင်ငံရေးပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ချခဲ့လိုက်တာလို့ သိရပါတယ်။
အဆိုတော်သံသာဝင်းကို ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) တွေနဲ့ ထောင် အနှစ် ၂၀ ထိချမှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ထောင်ဒဏ်အတိအကျကိုတော့ DVB က သီးခြား အတည်ပြုဖို့ ကြိုးစားနေ ဆဲဖြစ်ပါတယ်။
သူတို့နဲ့ နီးစပ်တဲ့ မိတ်ဆွေတယောက်က ''ဒီရက်ထဲမှာပဲ အမိန့်ချဖို့ရှိနေတဲ့အတွက် အမိန့်ချလိုက်တာတော့ သေချာပါတယ်။ မိသားစုဝင်တွေကတော့ အခုထိ ထုတ်ပြောဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေကြဘူးဖြစ်နေတယ်။ ထောင်ဒဏ်အတိအကျကိုတော့ သေချာ မပြောပြသေးဘူး''လို့ DVB ကို ပြောပါတယ်။
အဆိုတော် အနဂ္ဂကိုတော့ စစ်ကောင်စီက စစ်အာဏာသိမ်းစအစောပိုင်းကာလကတည်းက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် တိမ်းရှောင်နေရတာဖြစ်ပြီး အဲဒီကာလမှာတော့ အဆိုတော်သံသာဝင်းကို ဝရမ်းထုတ်ထားတာမရှိခဲ့ပါဘူး။
အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံဟာ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအောင်နိုင်ရေးသီချင်းတွေ သီဆိုဖန်တီးခဲ့သူတွေဖြစ်လို့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပစ်မှတ်ထားဖမ်းဆီးခဲ့တာ ဖြစ်တယ်။