
ဒေသတွင်းအတွက် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာစီမံချက်တွေဟာ ဘယ်အမေရိကန် ခေါင်းဆောင်မှုကိုမှ မူတည်မနေဘဲ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြတာလို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုက ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
ဒေသတွင်း စစ်ပွဲဖြစ်ဖို့ အလားအလာက ဝေးကွာနေသေးပြီး ချက်ချင်းမဖြစ်နိုင်သေးပါဘူးလို့ စင်ကာပူမှာ ပြုလုပ်တဲ့ Reuters NEXT အာရှထိပ်သီး အင်တာဗျူးမှာ တီအိုဒိုရိုက ဆိုပါတယ်။
ဒေသတွင်းအတွက် တရုတ်ရဲ့ ဒီဇိုင်းက သူတို့ခေါင်းဆောင်ကနေ ကြိုတင်ဆုံးဖြတ်ထားတာဖြစ်ပြီး အမေရိကန်ဘက်က ဘယ်သူပဲ ခေါင်းဆောင်တက်တက် သက်ဆိုင်ခြင်းမရှိဘူးလို့လည်း တီအိုဒိုရိုက ပေကျင်းရဲ့ ချဲ့ထွင်ရေးလှုပ်ရှားမှုတွေကို ရည်ညွှန်းပြောဆိုပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး တီအိုဒိုရိုက “တရုတ်ရဲ့ ရန်လိုမှုတွေက နှစ်ပေါင်း အတော်ကြာနေပြီဖြစ်ပြီး ဒေသတွင်းမှာ သူ့ရဲ့ ကိုယ်ပိုင် အစီအစဉ်၊ သူ့ရဲ့ ကိုယ်ပိုင် ချဲ့ထွင်ရေး လှုပ်ရှားမှုတွေ၊ ဒေသတွင်းကို ထိန်းချုပ်ချင်တဲ့ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေပေါ် မူတည်နေတာ” လို့ ပြောပါတယ်။
စစ်ပွဲဖြစ်ဖို့ အလားအလာက အဝေးကြီးလို့ ယုံကြည်ထားပေမဲ့ အဲဒါကလည်း တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေအပေါ် လုံးလုံးလျားလျား မူတည်နေပါတယ်လို့လည်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပြောရရင် စစ်ပွဲကို အမျိုးသားရေး မူဝါဒတခုအဖြစ် အသုံးချခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုထားဘူးလို့ တီအိုဒိုရိုက ပြောပါတယ်။
ဖိလစ်ပိုင်ဟာ တရုတ်ရဲ့ တရားမ၀င် ကျူးကျော်မှုတွေကို ရပ်တန့်ဖို့ အစွမ်းကုန် လုပ်ဆောင်နေကြောင်းလည်း သူကဆိုပါတယ်။
အခုကတော့ စင်ကာပူလိုမျိုး သံခင်းတမန်ခင်းနဲ့ တွဲပြီး ယုံကြည်ရတဲ့ အဟန့်အတား ဖန်တီးဖို့ဖြစ်ပြီး ယုံကြည်ရလောက်တဲ့ အဟန့်အတားမရှိရင် သံတမန်ရေးရာမှာ မဖြစ်နိုင်ပါဘူးလို့လည်း တီအိုဒိုရိုက ပြောဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာ ချဲ့ထွင်လာမှုကို အဓိက ဝေဖန်ပြောဆိုသူတွေထဲက တနိုင်ငံဖြစ်ပြီး ရပ်တည်ချက်ကို ပိုပြီးသတိထားနေကြတဲ့ မလေးရှားလို တချို့နိုင်ငံတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ် တို့ကလည်း ဖိလစ်ပိုင်နဲ့ ထပ်တူ တောင်းဆိုနေပေမဲ့ တရုတ်က တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားနေတာ ဖြစ်ပါတယ်။
Source: Reuters