
ဆန္ဒပြပွဲတွေကို အသေနှိမ်နှင်းဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းက အမိန့်ပေးခဲ့တဲ့ အသံဖိုင် ပေါက်ကြားခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက အတည်ပြုထားပါတယ်။
မတ်လက ပေါက်ကြားခဲ့တဲ့ အသံဖိုင်မှာ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက ဆန္ဒပြအဖွဲ့ကို နှိမ်နင်းတဲ့ အဖွဲ့တွေကို သေစေတဲ့လက်နက်တွေ သုံးဖို့၊ တွေ့တာနဲ့ ပစ်ဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။
ဟာဆီနာကို တရားစွဲတဲ့နေရာမှာ ဒီအသံဖိုင်ကို သက်သေအဖြစ် တင်သွင်းဖို့ အစိုးရရှေ့နေတွေက အစီအစဉ်ရှိပါတယ်။
ဟာဆီနာဟာ လူသားချင်းစာနာမှုကို ဆန့်ကျင်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အထူးခုံရုံးမှာ တရားစွဲခံထားရပါတယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီက ဆန္ဒပြပွဲတွေမှာ လူပေါင်း ၁,၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဆန္ဒပြပွဲတွေကြောင့် ဟာဆီနာ ပြုတ်ကျပြီး အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။ ဒီဆန္ဒပြမှုတွေဟာ ၁၉၇၁ ခုနှစ် စစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ အဆိုးရွားဆုံး အဖြစ်အပျက်တခု ဖြစ်ပါတယ်။
ဩဂုတ် ၅ ရက်မှာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ချေမှုန်းခဲ့တာဖြစ်ပြီး ဒါကာမှာရှိတဲ့ ဝန်ကြီးချုပ်အိမ်ကို ဆန္ဒပြသူတွေ ချီတက်မလာခင် ဟာဆီနာဟာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့တာပါ။
ဒီအသံဖိုင်ဟာ ဇူလိုင် ၁၈ ရက်က ဟာဆီနာ ဖုန်းဆက်ပြီး ညွှန်ကြားခဲ့တဲ့ အသံဖိုင် ဖြစ်တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၅ ရက်မှာ ရက်ရက်စက်စက် နှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ၅၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သမိုင်းတလျှောက် အဆိုးရွားဆုံး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်နှိမ်နင်းမှု ဖြစ်လာပါတယ်။
နောက်ပိုင်းမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၆၀ ကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောထားပါတယ်။
Source: Reuters