
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတာမျိုး မရှိဘူးလို့ ဇူလိုင် ၉ ရက် ဒီနေ့မှာ ဗိုလ်မှူးကြီး နော်ဘူက DVB ကို အတည်ပြု ပြောပါတယ်။
စစ်ကောင်စီကို အားပေးထောက်ခံ ရေးသားကြတဲ့ တယ်လီဂရန်ချန်နယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရေးသားဖော်ပြချက်တွေဟာ သတင်းအမှား ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လအနေနဲ့ ပုံမှန်အတိုင်း ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်တို့ကို မလိုတဲ့ သူတွေက သတင်းအမှားတွေ တင်နေတာလို့ ပြောလို့ရပါတယ်။ ဒီသတင်းဟာ လုံးဝမှန်ကန်မှု မရှိပါဘူး။ ဗိုလ်ချုပ်ကြီးအနေနဲ့ သူ့ဘာသာသူ အေးဆေးရှိနေပါတယ်၊ တရုတ်နဲ့ ကျနော်တို့ကြားမှာ ဘာညွှန်ကြားချက်မှလည်း မရှိပါဘူး။”
ဒါ့အပြင် ဗိုလ်ချုပ်ကြီး အင်ဘန်လ အနေနဲ့ ကျန်းမာရေးအတွက် တရုတ်နိုင်ငံမှာ ဆေးကုသမှု ခံယူနေတာမျိုးလည်း မရှိဘူးလို့ သူကဆိုပါတယ်။
လတ်တလောမှာတော့ ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ဖားကန့်နဲ့ တနိုင်းမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။