
ပင်လယ်နီမှာ အီရန်ရဲ့မဟာမိတ် ယီမင်နိုင်ငံက ဟူသီအဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ မက်ဂျစ်ဆီးစ် ကုန်သွယ်ရေး သင်္ဘောဆီမှ အရေးပေါ်အကူအညီတောင်းခံချက်ကို အေဒီပေါ့ထ်စ် အုပ်စုရဲ့ သင်္ဘော ဆာဖှီးန်ပရစ်ဇင်မ်မှ တုံ့ပြန်ခဲ့ပြီးနောက်မှာ မက်ဂျစ်ဆီးစ် သင်္ဘောပေါ်မှ လူ ၂၂ ယောက်စလုံးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။
“ပင်လယ်နီမှာ တိုက်ခိုက်ခံရတဲ့ ကုန်သည်သင်္ဘောမှ သင်္ဘောသားတွေကို UAE က ကယ်ဆယ်ခဲ့ပြီး သင်္ဘောသားတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ အပါအဝင် သင်္ဘောပေါ်ရှိ လူ ၂၂ ယောက်လုံးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အတည်ပြုပါတယ်” လို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကြောင့် သင်္ဘောရဲ့ ဖွဲ့စည်းပုံအား ထိခိုက်ပျက်စီးသွားပြီး သင်္ဘောအမှုထမ်းတွေဟာ ခက်ခဲတဲ့အခြေအနေအောက်မှာ သင်္ဘောကို စွန့်ခွာခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။
လုံခြုံရေးနဲ့ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အမြင့်ဆုံးစံနှုန်းတွေနဲ့အညီ ယူကေ အဏ္ဏဝါ ကူးသန်းရောင်းဝယ်မှု စစ်ဆင်ရေး (UKMTO) နဲ့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအဝင် အထူးပြု ရေကြောင်းအာဏာပိုင်တွေနဲ့လည်း အနီးကပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း လည်း ဖော်ပြထားပါတယ်။
အစောပိုင်းက ကုမ္ပဏီရဲ့ ကိုယ်စားလှယ် မိုက်ကယ်လ် ဘိုဒူရိုဂလူကလည်း မက်ဂျစ်ဆီးစ် သင်္ဘော ဟာ တိုက်ခိုက်ခံရပြီးနောက်မှာ ရေပြင်မှာနစ်မြုပ်သွားမယ့် အန္တရာယ် ရှိနေကြောင်း ပြောပါတယ်။
အဲဒီသင်္ဘောဟာ တရုတ်နိုင်ငံမှ သံနဲ့ ဓာတ်မြေသြဇာတွေကို တူရကီနိုင်ငံဆီ သယ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကမ္ဘာပေါ်မှာ ကူးသန်းသွားလာမှု အများဆုံးသော သင်္ဘောလမ်းကြောင်း တွေထဲမှ တခုဖြစ်တဲ့ ပင်လယ်နီမှာ နှစ်ဝက်လောက် ငြိမ်သက်နေမှု အဆုံးသတ်သွားတာပါ။
၂၀၂၃ နှစ်ကုန်ပိုင်းမှ ၂၀၂၄ ခုနှစ် နှောင်းပိုင်းအထိ ဟူသီတိုက်ခိုက်မှုတွေကြောင့် စူးအက် တူးမြောင်းမှတဆင့် ဥရောပနဲ့ အာရှအကြား ကူးသန်းသွားလာနေတဲ့ သင်္ဘောတွေကို အနှောင့်အယှက် ဖြစ်နေခဲ့ပါတယ်။
ဟူသီတွေဟာ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နဲ့ သူတို့ကို ဆက်သွယ်ထားတဲ့ ဘာ့ဘ်အလ်မန်ဒဘ် ရေလက်ကြားရှိ သင်္ဘောတွေကို အကြိမ်ပေါင်း ၁၀၀ ကျော်လောက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက နောက်ဆုံးဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ဒီနှစ်မှာ အခုတိုက်ခိုက်မှု မတိုင်ခင်အချိန်ထိ ရပ်နေတာ ဖြစ်ပါတယ်။
Source:Reuters