စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ဗန်းမောက်-ဟုမ္မလင်း ကုန်စည်သယ်ယူရာမှာ အရေးပါတဲ့ ချောင်းကြီးချောင်းရေဟာ ဇူလိုင် ၆ ရက် ညပိုင်းကတည်းက မြင့်တက်လာတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးရွာသွန်းမှုများပြီး ချောင်းကြီးချောင်းရေဟာ ပုံမှန် ရေမျက်နှာပြင်ထက် ၅ ပေကျော် မြင့်တက်သွားတာကြောင့် စက်လှေနဲ့ ကုန်စည်သယ်ယူမှုတွေ ခေတ္တရပ်နားထားရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၈ ရက်အထိ ရေပြန်မကျသေးတာကြောင့် ကုန်စည်တွေကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဟုမ္မလင်းဒေသခံ မမျိုးအေးက ပြောပါတယ်။
“ဒီချောင်းကို ၂၀၂၂ လောက်ကစပြီး ကုန်စည်သယ်ဖို့ စသုံးကြတာ။ မိုးတွင်းကာလတွေလည်း သယ်ခဲ့တာပဲ။ ရေကြီးတာ မကြုံခဲ့ဘူး။ ရေကလည်း တောင်ကျရေရော ချင်းတွင်းမြစ်ရော နှစ်ခုပေါင်းပြီး ကြီးတာဆိုတော့ မျက်စိတမှိတ်အတွင်းကို ရေက တက်လာတာ။ ပစ္စည်းတွေ ရွှေ့ချိန်တောင် မရလိုက်ဘူး။ စက်လှေ ၃ စင်းလည်း ၆ ရက်နေ့ ညပိုင်းမှာ မြုပ်တယ်လို့ ကြားတယ်။ အခုထိလည်း ရေပြန်မကျသေးဘူး၊ ကုန်စည်တွေကတော့ နည်းနည်း ပြတ်တောက်လာတယ်၊ စက်သုံးဆီကတော့ ဟုမ္မလင်းဘက်မှာ ဝယ်လို့မရတော့ဘူး။”
ချောင်းကြီးချောင်းကို အမှီပြုပြီး ဒေသခံတွေဟာ ဗန်းမောက်နဲ့ ဟုမ္မလင်းမြို့ကို စားသောက်ကုန်စည်၊ လူသုံးကုန်စည်နဲ့ စက်သုံးဆီတို့ကို အဓိက သယ်ယူနေတာလို့ သူကဆိုပါတယ်။
ဒါ့အပြင် ချောင်းကြီးချောင်း ရေကြီးရေလျှံမှုဟာ အန္တရာယ်ရှိတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်တာတွေကို ခေတ္တရပ်နားထားဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်လာနိုင်တာကြောင့် ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေး၀နဲ့ မင်းကင်းမြို့က မြစ်အနီးနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်ကြသူတွေအနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ စစ်ကောင်စီလက်အောက်ခံ မိုး/ဇလ ဌာနက ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။