Home
မြန်မာသတင်း
တီးတိန်ရှိ စစ်​တပ် မွာလ်ပီးစခန်းကို ချင်းပူးပေါင်းတပ် သိမ်းပိုက်
DVB
·
July 8, 2025
Photo: Chinland Channel
Photo: Chinland Channel
Photo: Chinland Channel
Photo: Chinland Channel
Photo: Chinland Channel
Photo: Chinland Channel

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသ မွာလ်ပီးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၅ ရက်နေ့မှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့သလို ချင်းရဲဘော်တချို့လည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ချင်းပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

Chin National Army (CNA) ပြန်ကြားရေးအရာရှိတယောက်က “ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် ဦးဆောင်ပြီးတော့ ဗိုလ်မှူး ၂ ယောက်၊ ဗိုလ်ကြီးအယောက် ၃၀ နီးပါး၊ တပ်ကြပ်ကြီး ၁၀ ယောက်၊ ဆေးတပ်သား ၂၀ ကျော်၊ ဒရုန်းတပ်သားတွေနဲ့ စုစုပေါင်း အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကြောင်းက ခြေကုပ်ယူ တပ်စွဲနေတဲ့ မွာလ်ပီးရွာ စကစတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို ဇူလိုင် ၅ ရက် မနက်စောပိုင်းက စတင်ခဲ့ပြီးနောက် အဲဒီနေ့ ညနေ ၅ နာရီဝန်းကျင်မှာ စခန်းသိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNA/CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျန်ခဲ့တဲ့ မေ ၂၀ ဝန်းကျင်ကတည်းက ကလေး-တီးတိန် ကားလမ်းအတိုင်း ခိုင်ကမ်းဆင်စခန်းကနေ ချင်းပြည်နယ်ဘက်ကို ထိုးတက်လာတဲ့ စစ်ကြောင်းနဲ့ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့တာဆိုတော့ ၁ လခွဲနီးပါးလောက် ကြာမယ်။ တိုက်ပွဲတွေကြားထဲကနေ တ​ဖြည်းဖြည်း တက်လာရင်း ကလေးမြို့နဲ့ ၁၇ မိုင်အကွာ မွာလ်ပီးရွာအထိ ရောက်လာပြီးတော့ တပ်စွဲနေကြတာ ဖြစ်တယ်။ မွာလ်ပီးစခန်းကတော့ တနေ့ကောင်းကောင်းလောက်ပဲ တိုက်လိုက်ရတယ်။ အခုတော့ သူတို့အထိနာပြီး ကလေးမြို့နယ်အစပ်က ခိုင်ကမ်းအထိ ပြန်ဆုတ်သွားကြပြီ။ ကျနော်တို့ဘက်က အဲဒီ မွာလ်ပီးစခန်းကို နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေကြပါပြီ။ အရှင်ဖမ်းမိသူတွေလည်း ရှိတယ်။ အတိအကျကတော့ မကြာခင် သတင်းထုတ်ပြန်ပေးသွားမှာပါ” လို့ DVB ကို ပြောပါတယ်။

မွာလ်ပီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်တွေ အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကာ ချင်းတော်လှန်ရေးရဲဘော် ၇ ယောက်ထက်မနည်း ကျဆုံးခဲ့ရတယ်လို့လည်း သူက ဆက်​ပြောပါတယ်။

အခုတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ်အတွင်းက မြို့နယ်အများစုကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး တီးတိန်၊ ခိုင်ကမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေမှာသာ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိတော့တာမို့ ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းတာတွေအပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024