
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲအနောက်ဘက်ခြမ်း၊ ပီကင်းမြို့နယ်အနီးက စစ်ဘေးရှောင် ပြည်သူတွေ ရှိရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အသက် ၄ နှစ်အရွယ် ကလေး အပါအဝင် မိသားစုဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၇ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ စခန်းကို လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၃ လုံးကွဲကာ လူထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
ဒေသခံတယောက်က “လူသေတဲ့အိမ်ဆိုရင် ခေါင်မိုးပေါ်မှာတင် ပေါက်ကွဲပြီးထိတာ၊ မနေ့ညက လေယာဥ်လည်း တအားကြီးဝဲနေတာ” လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲမှုကြောင့် မိသားစုဝင်တွေဖြစ်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက်၊ အသက် ၂၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၄၀ အရွယ် အမျိုးသားတယောက် ခြေထောက်ထိခိုက်မိပြီး အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ရှောင်စခန်းက နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဇူလိုင် ၂ ရက်မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြေပဲခင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။