
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုထားကြောင်း အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး နိုဘယ်လ်ကော်မတီထံ ပေးပို့တဲ့ တရားဝင် အဆိုပြုစာ မိတ္တူကိုပါ ထရမ့်ပ်ကို ပေးအပ်ခဲ့ပါတယ်။
နေတန်ယာဟုက ထရမ့်ပ်ရဲ့ ခေါင်းဆောင်မှုအပေါ် အစ္စရေးတွေအားလုံးသာ မကဘဲ ဂျူးပြည်သူတွေ၊ ကမ္ဘာတလွှားက ပုဂ္ဂိုလ်အများက လေးစားချီးကျူးကြတယ်လို့ ချီးကျူးခဲ့ပါတယ်။
ထရမ့်ပ်ဟာ အေဘရာဟင်မ် သဘောတူညီချက်ကို ဖန်တီးပေးခဲ့သလို သူဟာ တနိုင်ငံပြီးတနိုင်ငံ၊ တဒေသပြီး တဒေသမှာ ငြိမ်းချမ်းရေး ဖန်တီးနေတယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
ဒါကြောင့် နိုဘယ်လ်ကော်မတီကို ပေးပို့ထားတဲ့ ဒီစာကို ထရမ့်ပ်ကိုလည်း ပေးချင်ကြောင်း၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထရမ့်ပ်ကို သူ အဆိုပြုထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ လက်တုံ့ပြန်စစ်ပွဲကြောင့် ဂါဇာမှာ သေဆုံးသူ ပါလက်စတိုင်း ၅၇,၀၀၀ ကျော် ရှိသွားပြီလို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးဟာ ပါလက်စတိုင်းတွေအတွက် ပိုကောင်းတဲ့အနာဂတ် ပေးနိုင်အောင် တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်နေတယ်လို့ နှစ်ဖက် ညစာစားပွဲမစခင် နေတန်ယာဟုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းတွေနဲ့ပတ်သက်ပြီး “သူတို့နေချင်ရင် နေနိုင်တယ်၊ ထွက်ခွာချင်ရင်လည်း ထွက်ခွာခွင့်ရှိသင့်တယ်” လို့ နေတန်ယာဟုက ပြောပါတယ်။
ထရမ့်ပ်ကလည်း ပါလက်စတိုင်းတွေကို ဂါဇာကနေ နေရာရွှေ့ပေးဖို့ အငြင်းပွားဖွယ် အားထုတ်မှု တိုးတက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးဟာ ပါလက်စတိုင်းတွေအတွက် ပိုကောင်းတဲ့အနာဂတ် ပေးနိုင်ဖို့ တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်နေတယ်လို့လည်း ဆိုပါတယ်။
အီရန်နဲ့ အမေရိကန်အစိုးရ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ထရမ့်ပ်က တပါတည်း အတည်ပြုခဲ့ပါတယ်။
Source: Reuters