
စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားတွေကို အရက်နဲ့ဘီယာတွေ ရောင်းပေးတဲ့အပြင် မူးယစ်ဆေးဝါးတွေလည်း ရောင်းနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ စစ်မှုထမ်းမိသားစုတွေဆီက သိရပါတယ်။
စစ်မှုထမ်းတပ်သားတွေ တပ်ထဲမှာ ပျော်ပါးပြီး ထွက်မပြေးစေဖို့၊ လက်နက်မချစေဖို့ဆိုပြီး သင်တန်းကျောင်းတွေနဲ့ တပ်ရင်းတွေမှာ အရက်တွေ၊ ဘီယာတွေအပြင် မူးယစ်ဆေးဝါးတွေပါ ရောင်းပေးနေတာလို့ဆိုပါတယ်။
ဧရာဝတီတိုင်းက စစ်မှုထမ်းမိသားစုဝင်တယောက်က “တပ်ထဲမှာက ပိုက်ဆံပေးရင် အကုန်လွယ်လွယ်ရတယ်။ စစ်မှုထမ်းတွေကလည်း အစားလိုက်တာ။ မိသားစုက စစ်မှုထမ်းရတော့ သားသမီးတွေ ပြည့်ပြည့်စုံစုံသုံးရဖို့ ပေးတာတွေနဲ့ဆိုတော့ ငွေရွှင်တယ်လေ။ ပြီးခဲ့တဲ့ရက်က ဧရာဝတီတိုင်းကနေ ပဲခူးဘက်အပို့ခံရတဲ့လူငယ်တယောက်ဆို မူးယစ်ဆေးတွေအသုံးများပြီး မိုင်းနင်းမိလို့ ပွဲချင်းပြီးသေသွားတာ။ သေသွားတဲ့ကောင်လေးရဲ့ သူငယ်ချင်းက ပြောလို့သိရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်ရင်းတွေနဲ့ သင်တန်းကျောင်းတွေမှာ အရက်နဲ့ ဘီယာကိုတော့ ပေါ်ပေါ်တင်တင် ရောင်းပေးနေတာဖြစ်ပြီး မူးယစ်ဆေးဝါးတွေကိုတော့ မီးဖိုဆောင်လို နေရာတွေကနေ တပ်အရာရှိငယ်တွေက ရောင်းပေးနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်အဆင့်ဆင့်က စစ်မှုထမ်းတပ်သားတွေကို ဆောင်းဘောက်တွေဖွင့် ကခိုင်းတယ်။ သီချင်းဆိုခိုင်းတယ်။ မကြာခဏ လူစစ်တယ်။ ပြီးတော့ တန်းစီလေ့ကျင့်ခန်းလုပ်တယ်။ မူးနေလို့ မလုပ်နိုင်ရင်ရိုက်တယ်။ အရက်တို့ ဘီယာတို့က အပေါဆုံးပါ။ မူးယစ်ဆေးဝါးက ပိုက်ဆံပေးရင် ယူတယ်၊ ပိုက်ဆံမပေးလည်း လစာထဲကဖြတ်ယူပြီး ရောင်းပေးနေတာ” လို့ ပြောပါတယ်။
အရက်ဘီယာတွေအပါအဝင် မူးယစ်ဆေးဝါးတွေကို တပ်ရင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်လေးတွေရဲ့ ကတော်တွေက ဦးဆောင်ရောင်းပေးနေတာဖြစ်ပြီး အဝေမတည့်တဲ့ ပြဿနာတွေလည်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ တပ်နဲ့နီးစပ်သူက ဆိုပါတယ်။