
ရဲလုပ်သက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ မောင်ရန်နိုင်လင်းဟာ ကရင်ပြည်နယ်၊ လှိုင်းလွဲ့မြို့မ ရဲစခန်းမှာတာဝန်ကျနေတုန်း မတ်လအစောပိုင်းမှာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာခဲ့ပြီး မြိတ်ခရိုင်အမှတ် ၃ တပ်ရင်းဆီ ဇူလိုင် ၄ ရက်နေ့မှာ လာရောက်ခိုလှုံတာလို့ ဆိုပါတယ်။
သူဟာ ပြည်မြို့၊ ဝက်ထီးကန်က အမှတ် ၂ အခြေခံရဲလေ့ကျင့်ရေးသင်တန်းကျောင်း အပတ်စဉ် ၂၉၂ စည်သူတပ်ခွဲမှာ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဆီ ဘက်ပြောင်းလာတာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၃ ရဲ့တာဝန်ခံတယောက်က ပြောပါတယ်။
“လှိုင်းဘွဲ့မှာတာဝန်ကျတာ ၂ နှစ်လောက်ရှိပြီ။ ခဏခဏ အပြစ်ထိနေတော့ ရာထူးကမရဘူး။ ထွက်ပြေးလာပုံအဆင့်ဆင့်ကိုတော့ ကျနော်တို့စစ်ဆေးထားတာရှိတယ်။ အသေးစိတ် မထုတ်ပြန်တာက သူ့ကိုကူညီပေးတဲ့သူတွေ ပြဿနာဖြစ်မှာစိုးလို့ပါ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အကူအညီတချို့နဲ့အတူ ထွက်ပြေးလာခဲ့ပြီး တနင်္သာရီမြို့နယ်မှာရှိတဲ့ မိသားစုဝင်တွေကနေတဆင့် ဆက်သွယ်ခိုလှုံလာခဲ့တယ်လို့ဆိုပြီး လက်ရှိမှာ မိသားစုတွေနဲ့အတူ နေထိုင်ခွင့်ပြုထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာအခြေစိုက်တဲ့ ခမရ ၅၆၁ တပ်ရင်းက တပ်ကြပ်ကြီးတယောက် ထွက်ပြေးလာပြီး မြိတ်ခရိုင်တပ်ရင်း ၃ ဆီ ဘက်ပြောင်းခိုလှုံလာခဲ့ပါသေးတယ်။