
အငြိမ်းစားဝန်ထမ်းတွေ ပင်စင်ထုတ်ရာမှာ အခက်အခဲမဖြစ်ရအောင် UID(စမတ်ကတ်)ကို ဦးစားပေးထုတ်ပေးမယ်လို့ စစ်ကောင်စီသြဇာခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ e-ID ဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိမှာ e-ID စနစ်ဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့နဲ့ ဝန်ဆောင်မှု အရည်အသွေး ပိုကောင်းအောင် ဆာဗာပြင်ဆင်ထိန်းသိမ်းရေးလုပ်မှာဖြစ်လို့ ဇူလိုင် ၄ ရက်ကစပြီး စမတ်ကတ်ထုတ်ပေးတာကို ယာယီရပ်နားထားပါတယ်။
ရပ်နားထားမယ့်အကြောင်းကြေညာပြီးနောက် UID နံပါတ် လာရောက်လျှောက်ထားတဲ့ အငြိမ်းစားဝန်ထမ်းတွေကို အထူးဦးစားပေးအဖြစ် အချိန်မကုန်စေဘဲ အမြန် ဆောင်ရွက်ပေးမှာဖြစ်သလို လိုအပ်တဲ့အကူအညီတွေ မဖြစ်မနေ ဆောင်ရွက်ပေးမယ်လို့ ဆက်လက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် UID နံပါတ် လျှောက်ထားရယူတဲ့အခါ အဆင်မပြေတာတွေရှိရင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ အကူအညီတောင်းနိုင်သလို e-ID ဌာနရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေလည်း လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အငြိမ်းစားဝန်ထမ်းတွေ ပင်စင်လစာ လိမ်လည်ထုတ်ယူတာမဖြစ်ရအောင်ဆိုပြီး မြန်မာ့စီးပွားရေးဘဏ်က လူပုဂ္ဂိုလ် မှန်ကန်မှု ရှိ၊ မရှိ စိစစ်နိုင်ဖို့ Centralized e-Pension စနစ်နဲ့ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ e-ID ဌာနကပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က e-Pension စနစ်နဲ့ e-ID စနစ် တို့ ချိတ်ဆက်နိုင်ဖို့အတွက် အငြိမ်းစားဝန်ထမ်းတွေရဲ့ UID နံပါတ်ကို တောင်းခံနေသလို ကျန်းမာရေးမကောင်းလို့ မသွားလာနိုင်တဲ့ သက်ကြီးပိုင်းအငြိမ်းစားဝန်ထမ်းတွေအနေနဲ့ စမတ်ကတ်ကိုယ်တိုင်သွားလုပ်ဖို့ အခက်အခဲရှိနေတယ်လို့ ကာယကံရှင်တချို့က ဆိုပါတယ်။
အသက် ၈၀ အရွယ်အငြိမ်းစားကျောင်းဆရာမရဲ့မိသားစုဝင်တယောက်က “အမေက အိပ်ယာထဲ လဲနေတာလေ။ လဝကရုံးကို ဘယ်လိုခေါ်သွားရမှာလဲ။ ပင်စင်ရုံးက စမတ်ကတ်ပြနိုင်မှ ရမယ်ပြောနေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ e-ID စနစ်အဆင့်မြှင့်တဲ့ ဆာဗာပြင်ဆင်ထိန်းသိမ်းတဲ့လုပ်ငန်းကို ညဘက်နဲ့ ရုံးပိတ်ရက်တွေမှာ ဆောင်ရွက်မှာဖြစ်လို့ UID နံပါတ်ထုတ်ပေးတဲ့လုပ်ငန်းကို အချိန်အနည်းငယ်ပ ဲရပ်ဆိုင်းစေမှာဖြစ်တယ်လို့လည်း e-ID ဌာန အသိပေးထားပါတယ်။