
ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအပြီးမှာ ဒေသတွင်းက ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူ တွေအတွက် အစားအသောက်နဲ့ဆေးဝါးအရေးပေါ်လိုအပ်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန် ၁၉ ရက်နေ့မနက်အစောပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ဒေသတွင်းမဟာမိတ်ပူးပေါင်းအဖွဲ့ ၁၀ ဖွဲ့တို့က သိမ်းယူခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲကို ဇွန် ၂ ရက်နေ့မှာ စတင်ခဲ့ပြီး ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုလဲမြို့နယ်ထဲက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ကန့်ဒေါင့်ရဲစခန်းကို သိမ်းယူနိုင်ခဲ့တယ်ဆိုပေမဲ့ ပုလဲမြို့နယ်ထဲက အင်မထီး ပျူစောထီးရွာအပါအဝင် စစ်ကောင်စီရဲ့ လက်ကျန်အင်အားတွေက စစ်ကြောင်းပြန်ထိုးပြီး စခန်းကို ပြန်သိမ်းယူနိုင်ဖို့ကြိုးစားနေပါတယ်။
ဇွန် ၁၀ ရက်နေ့က စစ်ကောင်စီဂျက်ဖိုက်တာ ပုလဲနယ်ထဲမှာ ပျက်ကျပြီးနောက် အနီးဝန်းကျင်ရွာတွေက ပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးတဦးက “ဆန်တို့ ဆီတို့ပေါ့နော်၊ ကလေးတွေအဝတ်အစား ဖိနပ်လိုတယ်၊ လေယာဉ်ပျက်ကျတဲ့နေ့ကတည်းက ပြေးလာတာ။ ခုလောလောဆယ် ပြေးပြေးဆိုတော့ အဝတ်လေးဘာလေး နည်းနည်းပါးပါးထည့်ပြီး ဒန်အိုးဒန်ခွက်လေးယူပြီး ပြေးလာခဲ့တာပဲရှိတယ်၊ ဟိုတလောလေးတုန်းကတော့ ဆန်တပြည်စီလာဝေတယ်၊ ဆီကို ဆီတဆယ်သားစီတဲ့ ဝေတယ်” လို့ ပြောပါတယ်။
“ခုလိုပဲ ဆီ၊ ဆန်လေးကိုပဲ အခက်အခဲရှိနေတာပဲ၊ အလုပ်ကလည်း ဘာမှမလုပ်ရဘူး၊ ပြေးတဲ့နေ့ကလည်း ဆန်လေးတပြည်လေးနဲ့ ပိုက်ဆံဆို တကျပ်မှမပါဘူး၊ ကြောက်ကြောက်နဲ့ ပြေးလာရတာ၊ ပစ္စည်းဆိုလည်း ဘာမှမပါဘူး၊ မယူနိုင်ဘူး။ ကြုံတွေ့မှာပဲ ဒီလိုအလုပ်မရှိ ဘာမရှိနဲ့ စားရေးသောက်ရေးပဲ ခက်ခဲမှာပါ၊ နေမှုထိုင်မှုကတော့ ဒီလိုလေးအတိုင်း နေသွားရင်တော့ တော်ပါသေးတယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးစကတည်းက ပုလဲနယ်ကို စစ်ကောင်စီက အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
တော်လှန်ရေး ၄ နှစ်ကျော်ကာလမှာ ပုလဲမြို့နယ်ထဲက ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းတာအပြင် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း မရခဲ့ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးထိုး အစီအစဉ်တွေကိုလည်း စနစ်တကျ ခံယူခွင့်မရခဲ့ကြပါဘူး။
စစ်ရှောင်အမျိုးသမီးငယ်တဦးက “ကျန်းမာရေးက အစာအိမ်အောင့်တာ၊ ဆီးကျောက်တည်ချင်တာလို့ ပြောတယ်။ အခက်အခဲတွေကတော့ စစ်ဘေးရှောင်တွေအနေနဲ့ပေါ့နော် ကိုယ့်မှာသုံးစရာမပါတော့ ဆေးကုသဖို့တောင်ခက်ခဲခဲ့တယ်၊ ဒီအတိုင်းခြေလျင်ပြေးခဲ့ရတယ်၊ ဒီကျတော့မှာ ဆရာကိုပြောပြီးမှ ဆေးကုသမှုခံယူခဲ့တာပါ။ ရေရှည်ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ညီမတို့အတွက် စားဝတ်နေရေးက အဓိက အခက်အခဲပေါ့နော်၊ ယောက်ျားသားရယ်လို့လည်းမရှိဘူး၊ လုပ်ငန်းလည်းမရှိတဲ့အတွက်ကြောင့် စားဖို့ခက်ခဲမှာပါ” လို့ ပြောပါတယ်။
ကန့်ဒေါင့်ရဲစခန်းဟာ ဒေသတွင်းအချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ-ဂန့်ဂေါလမ်း) ပိုင်းမှာ တည်ရှိတာပါ။ အဲ့ဒီလမ်းဟာ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တဲ့ လမ်းဖြစ်တဲ့အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ဗျူဟာအရအရေးပါတဲ့နေရာဖြစ်ပါတယ်။
ကန့်ဒေါင့်ရဲ့အနောက်မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဘက် ၃၅ မိုင်ဝန်းကျင်မှာ ကပစ ၂၄ တည်ရှိတာကြောင့် စစ်ကောင်စီက ကန့်ဒေါင့်ရဲစခန်းကို လက်မလွှတ်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့တာဖြစ်ပါတယ်။
ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒေသတွင်းမှာ ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စခန်းဖြစ်ပါတယ်။