
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ စစ်ကောင်စီတပ်က ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့် ထိခိုက်သေဆုံးသူတွေသူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူပေါင်း ၂၇ ယောက် အထိရှိတယ်လို့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေ စောင့်ကြည့်လေ့လာနေတဲ့ Myanmar Defense & Security Institute (MDSI) က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ထိခိုက်သေဆုံးမှုတွေထဲမှာ ဗိုလ်ချုပ်အဆင့်အပါအဝင် စစ်သုံ့ပန်း ၉ ယောက်၊ ဗိုလ်မှူးချုပ်အဆင့် လက်နက်ချသူ ၆ ယောက်၊ သေဆုံးသူ ၇ ယောက်၊ မိမိကိုယ်ကို သတ်သေသူ တယောက်၊ သေဆုံး/ ပျောက်ဆုံး ၃ ယောက်နဲ့ ပျောက်ဆုံး တယောက်တို့ ပါဝင်ပါတယ်။
ကိုးကန့်တပ် (MNDAA) နဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ဗိုလ်ချုပ် နဲ့ ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း ၃ ယောက်၊ လက်နက်ချ ၆ ယောက်၊ သေဆုံး ၂ ယောက်၊ သတ်သေသူ တယောက် စုစုပေါင်း ၁၂ ယောက်ရှိပါတယ်။
အလားတူ အာရက္ခတပ်တော် (AA)ရဲ့ မြို့သိမ်းထိုးစစ်အတွင်းမှာလည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း ၄ ယောက်၊ သေဆုံး ၂ ယောက်၊ သေဆုံး/ပျောက်ဆုံး ၃ ယောက် နဲ့ ပျောက်ဆုံးသူ တယောက် စုစုပေါင်း ၁၀ ယောက်အထိ ဒုတိယအများဆုံး ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ သိပါတယ်။
ဒါ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း တယောက် ဖမ်းဆီးခံရပြီး တယောက် သေဆုံးခဲ့သလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့တိုက်ပွဲမှာ တပ်မမှူး တယောက်၊ ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ တိုက်ပွဲမှာ တပ်မမှူး တယောက် စစ်ကောင်စီတပ်မှ ထပ်မံသေဆုံးခဲ့တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) PDF ပူးပေါင်းတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်မမှူး တယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။
စကခ-၁၉ မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေကတော့ ပလက်ဝတိုက်ပွဲမှာ ဖမ်းဆီးခံရတာ ဒါမှမဟုတ် ပျောက်ဆုံးနေပြီး တပ်မ-၁၁ မှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းက မြောက်ဦးမြို့နယ်တိုက်ပွဲမှာ သေဆုံး ဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းထွက်ပေါ်ခဲ့ကာ လားရှိုးတိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရမခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနဲ့ စကခ-၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး တို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိခိုက်ဆုံးရှုံးမှုတွေထဲမှာ ရာထူးအဆင့်အားဖြင့် တိုင်းမှူး(ဟောင်း) တယောက်၊ ဒုတိုင်းမှူး ၂ ယောက်၊ တိုင်းဦးစီးချုပ် ၂ ယောက်၊ ဒေသဦးစီးအဖွဲ့မှူးတယောက်၊ ဒကစမှူး တယောက်၊ တပ်မမှူး ၁၀ ယောက်နဲ့ စကခမှူး ၁၀ ယောက်တို့ ဖြစ်တယ်လို့ MDSI က စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီတပ်က အရာရှိကြီးတွေ ထိခိုက် သေဆုံး၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။