
ရုရှားနိုင်ငံဟာ အာဖဂန်နစ္စတန် သံအမတ်သစ်ရဲ့ အရည်အချင်းပြည့်မီမှုကို လက်ခံလိုက်ခြင်းအားဖြင့် အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
တာလီဘန်အစိုးရကို လုံခြုံရေး၊ အကြမ်းဖက်မှု တန်ပြန်ရေးနဲ့ မူးယစ်ရာဇဝတ်မှု နှိမ်နင်းရေးမှာ မော်စကိုက ကူညီသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စွမ်းအင်၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ကုန်သွယ်ရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေ အများကြီးရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန် အစ္စလာမ္မစ် စော်ဘွားနိုင်ငံကို တရားဝင် အသိအမှတ်ပြုလိုက်တဲ့ လုပ်ရပ်ဟာ နှစ်နိုင်ငံအကြား နယ်ပယ်စုံမှာ အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဖဂန် နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မူတာကီကလည်း ရုရှားရဲ့ ဒီ ရဲရင့်တဲ့ခြေလှမ်းကို မိမိတို့ တန်ဖိုးထားကြောင်း၊ အလ္လာအရှင်မြတ် အလိုတော်အတိုင်း ဖြစ်ကြောင်းနဲ့ တခြားသူတွေလည်း ဥပမာယူမယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။
အနှစ် ၂၀ ကြာ စစ်ပွဲကနေ အမေရိကန်တပ်တွေ ဝရုန်းသုန်းကား ဆုတ်ခွာသွားခဲ့အပြီးမှာ ကျန်ရှိတဲ့ အာဖဂန်အစိုးရဟာ လပိုင်းတောင် တောင့်မခံနိုင်ခဲ့ဘဲ ၂၀၂၁ ဩဂုတ်လမှာ တာလီဘန်တွေက တနိုင်ငံလုံး ပြန်သိမ်းနိုင်ခဲ့ပါတယ်။
ယူအေအီး၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်တို့ကလည်း တရားဝင်အသိအမှတ်ပြုဖို့ ကနဦးအဆင့်အဖြစ် အာဖဂန်ဆိုင်ရာ သံအမတ်ကြီးတွေ လျာထားပြီးဖြစ်ပါတယ်။
Source: Reuters