
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက် ကျဆုံးပြီး ၅ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ညောင်ဦးမြို့နယ်ထဲက ဖလန်ကန်နဲ့ တောင်တောရွာကြားမှာ ဇူလိုင် ၂ ရက်၊ နေ့လယ်ပိုင်းကစလို့ စစ်ကောင်စီစစ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ညောင်ဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ကျပါတယ်။ ရဲဘော် ၅ ယောက်လောက်လည်း ဒဏ်ရာရကြပါတယ်။ အဖမ်းခံရသူတွေလည်းရှိတယ်။ ကိုယ့်ဘက်ကကျွံထွက်သွားပြီး စစ်တပ်ဘက်က ကင်းပုန်းနဲ့ထိပ်တိုက်သွားတိုးမိတာလို့ သိရတယ်။ ကျသွားတဲ့ရဲဘော်တွေကိုတော့ ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုလ်ပေးပြီးပါပြီ။”
တပ်ထောက်ခံတဲ့ ဝါဒဖြင့် တယ်လီဂရမ်ကတော့ အဲ့ဒီတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်အလောင်း ၁၀ လောင်းနဲ့ သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖေါ်ပြပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာရှိတယ်လို့ ဆိုပေမဲ့ အသေးစိတ်သိရှိနိုင်ဖို့ DVB က ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံဆီကို ဆက်သွယ်ခဲ့တာမှာ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့်ဆက်သွယ်လို့မရတဲ့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁ ရက်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရဲ့ တောင်ဘက်ခြမ်းက မုန်တိုင်ကျေးရွာ၊ ကြအိုကျေးရွာ၊ ရွာပုလဲကျေးရွာနဲ့ မောင်းဂွတ်တော ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားပြည်သူ တယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ သလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။