
AI အသိဉာဏ်ရည်တုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တဟုန်ထိုး တက်လာတာနဲ့အမျှ ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီး Microsoft က ဝန်ထမ်းပေါင်း ၉,၀၀၀ ကျော်ကို လျှော့ချသွားမယ်လို့ အတည်ပြုပါတယ်။
ဒါကြောင့် Microsoft ဌာနအများအပြားအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ဘယ်ဌာနကဖြစ်မယ် ဆိုတာကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။
ဒါဟာ ကမ္ဘာတဝန်းမှာရှိတဲ့ Microsoft ရဲ့ လုပ်သားအင်အားစုပေါင်း ၂၂၈,၀၀၀ ထဲက ၄ ရာခိုင်နှုန်းနဲ့ ညီမျှပြီး Xbox ဂိမ်းဌာနကို အဓိကထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း Microsoft အနေနဲ့ ဝန်ထမ်းလျှော့ချမှု ၃ ကြိမ် ပြုလုပ်ခဲ့ရာမှာ မေလတုန်းကဆိုရင် နေရာ ၆,၀၀၀ လောက်ကို ထုတ်ပယ်မယ့်အကြောင်း ကြေညာခဲ့ဖူးပါတယ်။
Microsoft ဟာ AI နည်းပညာကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေ ရှိထားပြီးဖြစ်သလို အသိဉာဏ်ရည်တု မော်ဒယ်တွေအတွက် ဒေတာစင်တာကြီးတွေ တည်ဆောက်ရာမှာလည်း ဒေါ်လာ ၈၀ ဘီလီယံ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
မကြာသေးတဲ့ကာလအတွင်း တခြားနည်းပညာကုမ္ပဏီကြီးတွေလိုမျိုး Microsoft ကလည်း AI ဖွံ့ဖြိုးရေးဘက်ကို ဦးစားပေးလာတဲ့အလျောက် ချစ်ပ်ပြားတွေနဲ့အတူ ဒေတာစင်တာတွေမှာပါ ရင်းနှီးမြှုပ်နှံနေပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း AI နည်းပညာဆိုင်ရာ ဗြိတိန်ပညာရှင် မူစတာဖာ ဆူလေမန်းကို ခေါ်ယူခန့်အပ်ပြီး Microsoft ရဲ့ အသိဉာဏ်ရည်တု ဌာနအသစ်မှာ ဦးဆောင်စေခဲ့ပါတယ်။
ဒါ့အပြင် Microsoft ဟာ ChatGPT ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ OpenAI မှာပါ အဓိကရင်းနှီးမြှုပ်နှံသူနဲ့ စတော့ရှယ်ယာရှင်အဖြစ် ပါဝင်ထားပါတယ်။
ဒါပေမဲ့လည်း Microsoft ရဲ့ ကိုယ်ပိုင် AI အထောက်အကူပြုစနစ် Copilot ထက် ChatGPT ကိုသာ အဓိကထား သုံးစွဲကြတာကြောင့် ပြီးခဲ့တဲ့လပိုင်းတွေက ဆက်ဆံရေးတင်းမာလာခဲ့ကြောင်း သိရပါတယ်။
ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ရဲ့ ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ Meta ကလည်း ပြိုင်ဘက်ကုမ္ပဏီတွေမှာ ထူးချွန်တဲ့သူတွေကို စည်းရုံးခေါ်ယူရင်း “Superintelligence” လုပ်ငန်းတခု ထူထောင်ဖို့အထိ ရည်မှန်းထားပါတယ်။
OpenAI ရဲ့ စီးအီအိုဖြစ်သူ ဆမ် အော့တ်မန်း ကတော့ Meta ဟာ သူ့အဖွဲ့ဝင်တချို့ကို ဒေါ်လာ သန်း ၁၀၀ နဲ့အထက် “လက်မှတ်ထိုးကြေး” ပေးပြီး ကမ်းလှမ်းထားတယ်လို့ မှတ်ချက်ပြုပါတယ်။
Microsoft ရဲ့ အကြီးတန်း တာဝန်ရှိသူတယောက်က “လာမယ့်ရာစုနှစ်ဝက်အတွင်း AI ဟာ လူတွေရဲ့ အလုပ်လုပ်ပုံနဲ့ အပြန်အလှန် တုံ့ပြန်တွေကို အခြေခံအားဖြင့် ပြောင်းလဲပုံဖော်သွားလိမ့်မယ်” ဆိုပြီး ကောက်ချက်ချပါတယ်။
Source:Reuters