
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုက်ဘာပက်ရှ်တွန်ခွာပြည်နယ်ထဲရှိ အာဖဂန်နစ္စတန် နယ်စပ်အနီးက ဘာဂျောရ် လူမျိုးစုနယ်မြေမှာ ဇူလိုင် ၂ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာမှာ လက်ထောက်ကော်မရှင်နာတယောက် အပါအဝင် လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၁၁ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ ပါဝင်တဲ့ လက်ထောက်ကော်မရှင်နာ ဖှိုင်ဇဲလ်အစ္စမိုင်းရဲ့ မော်တော်ယာဉ်က ပစ်မှတ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ နာဝါ့ဂိုင် ခရိုင်ခွဲမှ လက်ထောက်ကော်မရှင်နာ ဖှိုင်ဇဲလ် အစ္စမိုင်း၊ အခွန်အရာရှိ အဗ္ဗဒူလ် ဝါကီးလ်ခန်းနဲ့ ရဲအရာရှိ ဇာဟစ်ဒ်ခန်းတို့ ပါဝင်ကြောင်း ဒုတိယကော်မရှင်နာ ရှာဟစ်ဒ် အလီက ရိုက်တာကို ပြောပါတယ်။
ပေါက်ကွဲမှုရဲ့ သဘောသဘာဝကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း ဆိုပါတယ်။
နယ်မြေခံ ရဲအရာရှိတွေကတော့ ဒီတိုက်ခိုက်မှုကို အသေခံဗုံးခွဲမှုလို့ ယူဆကြပါတယ်။ ကနဦးရရှိထားတဲ့ အချက်အလက်တွေအရ အသေခံဗုံးခွဲသမားဟာ ဖောက်ခွဲပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ဆိုင်ကယ်ကို လက်ထောက်ကော်မရှင်နာရဲ့ ကားကို ဝင်တိုက်လိုက်တော့ သူနဲ့ ဒပ်ဘယ်လ်ကပ်ဘ် ပစ်ကပ်ထရပ်ကားထဲက တခြားသူ ၃ ယောက်ပါ သေဆုံးသွားတယ်လို့ ရဲအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဘာဂျောရ် နယ်မြေဌာနချုပ်ဖြစ်တဲ့ ခါးရ်မြို့ကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ ဆေးကုသမှု ခံယူဖို့အတွက် ပက်ရှ်ဝါမြို့တော်ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဘာဂျောရ် ဆေးရုံကြီးရဲ့ စာရင်းအရ ရုပ်အလောင်း ၄ လောင်းနဲ့ ဒဏ်ရာရရှိသူ ၁၈ ယောက်ကို လက်ခံရရှိထားကြောင်း ညွှန်ပြခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ရဲ့လက်ချက် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဝန်ကြီးချုပ် ရှားဘတ်ဇ် ရှရစ်ဖ်က ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters