
ပိုလန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဟွန်ဒိုင်းရိုတမ် ကုမ္ပဏီကနေ K2 တိုက်ပွဲဝင်တင့်ကားတွေ ဒုတိယသုတ်ကို လက်ခံရယူဖို့ ဆွေးနွေးညှိနှိုင်းမှု ပြီးစီးသွားပြီဖြစ်ပြီး စာချုပ်ကို လက်မှတ်ရေးထိုးဖို့ စီစဉ်နေကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါ့ဒစ္စ်ဝါ့ဗ် ကိုရှိးညက်ခ် ကမ်မစ်ရှ်က ဇူလိုင် ၂ ရက် နေ့မှာ ပြောပါတယ်။
ဒါဟာ အရေးပါတဲ့ကိစ္စဖြစ်ပြီး သမိုင်းမှာ အကြီးကျယ်ဆုံး အုပ်ချုပ်ရေးအဆင့် စာချုပ်တွေထဲက တခုဖြစ်ကြောင်းနဲ့ မကြာခင်မှာ ပိုလန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးရဲ့ ပါဝင်မှုနဲ့အတူ လက်မှတ်ရေးထိုးတော့မယ်လို့ ဆိုပါတယ်။
ဒီသဘောတူညီချက်ထဲမှာ တိုက်ခိုက်ရေးတင့်ကား အစီး ၁၈၀၊ ခြံရံလိုက်ပါမယ့် ထောက်ပို့မော်တော်ယာဉ် အစီး ၈၀ နဲ့ K2 တင့်ကား စာချုပ်တွေမှာ တခါမှမပါဝင်ဘူးတဲ့ ပြည့်စုံတဲ့ ပက်ကေ့ခ်ျတခုတို့ ပါဝင်မယ်လို့လည်း ဆိုပါတယ်။
ထောက်ပို့မော်တော်ယာဉ်တွေဟာ အခြေခံအဆောက်အအုံရဲ့ တိုက်ရိုက်အစိတ်အပိုင်းတခုအဖြစ် ဖွဲ့စည်းထားတာကြောင့် ထောက်ပို့ယာဉ်တွေ မရှိရင် တင့်ကားကို ထိထိရောက်ရောက် အသုံးချလို့ မရနိုင်ဘူးလို့လည်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
တောင်ကိုရီးယား စစ်ရေးပစ္စည်းဝယ်ယူမှုအဖွဲ့အစည်း (DAPA) ကတော့ ဒီစာချုပ်ရဲ့ တိကျတဲ့ အရွယ်အစားကို နောက်ပိုင်းမှာ ဖော်ပြမယ်လို့ ထုတ်ပြန်ထားပါတယ်။
တင့်ကားအစီးရေ ၁၈၀ ကို ပံ့ပိုးရေး သဘောတူညီချက်ဟာ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံလောက် တန်ဖိုးရှိတယ်လို့ ယွန်ဟက်ပ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ပိုလန်နဲ့ ဟွန်ဒိုင်းရိုတမ် ကုမ္ပဏီတို့ဟာ ပထမအသုတ် သို့မဟုတ် K2 တင့်ကား ၁၈၀ အတွက် ထောက်ပံ့ရေးသဘောတူညီချက်ကို သဘောတူခဲ့ပါတယ်။ ဟွန်ဒိုင်းရိုတမ် ကုမ္ပဏီကတော့ ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။
K2 ကျားသစ်နက်လို့ အမည်ပေးထားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမျိုးဆက် အဓိက တိုက်ပွဲဝင်တင့်ကား (MBT) ကို ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက ဒီဇိုင်းထုတ်ထားပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးစနစ် တီထွင်သူ ဟွန်ဒိုင်းရိုတမ် ကုမ္ပဏီက ထုတ်လုပ်ထားပါတယ်။
Source: Reuters