
မြန်မာစစ်အာဏာရှင်အနေနဲ့ ကိုယ်တိုင်ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ထိန်း လိုက်နာဖို့နဲ့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ပါဝင်တဲ့ Quad လေးပွင့်ဆိုင်နိုင်ငံများ အဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ၁ က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ နှင့် ဂျပန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးထည့်သွင်းတောင်းဆိုထားတာပါ။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာပြီး ဒေသတွင်းကို သက်ရောက်မှုရှိနေတဲ့ အခြေအနေကို အလွန်အမင်းစိုးရိမ်တဲ့အကြောင်း၊ စစ်အာဏာရှင်အနေနဲ့ ကိုယ်တိုင်ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ထိန်းလိုက်နာဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့တွေအားလုံးအနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးကို ပိုမိုချဲ့ထွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာမှာ အားလုံးပါဝင်ပြီး ရေရှည်ငြိမ်းချမ်းတဲ့အဖြေရဖို့ ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖို့အပါအဝင် အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးထောက်ခံတဲ့အကြောင်း ကမ္ဘာ့ အင်အားကြီး ၂ နိုင်ငံက ထပ်လောင်း အတည်ပြုပြောပါတယ်။
ဒါ့အပြင် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ဘေးကင်းလုံခြုံစွာ အတားအဆီး မရှိပေးခွင့်ပြုဖို့ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးကို တောင်းဆိုလိုက်ပြီး ဒေသတွင်းလုံခြုံရေးအပေါ် ထိခိုက်တဲ့ ပဋိပက္ခတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေပျံ့နှံ့ဖြစ်ပွားနေတာကို စိုးရမ်ပူပန်ကြောင်းနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။
Quad ၄ နိုင်ငံဟာ မြန်မာပြည်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဘေးသင့် ပြည်သူတွေအတွက် ထောက်ပံ့ပေးဖို့ အမေရိကန် ဒေါ်လာ သန်း ၃၀ အတူတကွ ထည့်ဝင်လှူဒါန်းကူညီခဲ့ပါတယ်။
ဝါရှင်တန်ဒီစီ ဆွေးနွေးပွဲမှာတော့ Quad အဖွဲ့ဝင်နိုင်ငံတွေဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် ဘုံသဘောထားအမြင်တွေကို ထပ်မံအတည်ပြုခဲ့ကြပြီး ရေကြောင်းလုံခြုံရေး၊ စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်း၊ နည်းပညာအသစ်တွေနဲ့ ဒေသတွင်း လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ပိုမိုအားကောင်းစေမယ့် အစီအစဉ်အသစ်တွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။