
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအနီးမှာ လူ ၆၅ ယောက်ကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘော နစ်မြုပ်ခဲ့တာကြောင့် လူ ၄ ယောက် သေဆုံး၊ ၂၃ ယောက် အသက်ရှင် လွတ်မြောက်ခဲ့ပြီး ပျောက်ဆုံးနေသူ ၃၈ ယောက်ကို ရှာဖွေရေး ဆက်လုပ်နေတယ်လို့ နိုင်ငံရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ (SAR) က ဇူလိုင် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
အခုတော့ အနည်းဆုံး ရုပ်အလောင်းတလောင်းကို ဆယ်ယူရရှိထားတယ်လို့လည်း ဆိုပါတယ်။
KMP တူနူး ပရာတာမာ ဂျာယာ သင်္ဘောဟာ ဇူလိုင် ၂ ရက် နှောင်းပိုင်းက အရှေ့ဂျာဗားပြည်နယ် ဘန်ညူဝမ်ဂီ ဆိပ်ကမ်းကနေ ဘာလီကျွန်းကို ထွက်ခွာလာပြီးနောက် နာရီဝက်နီးပါးအကြာမှာ နစ်မြုပ်သွားခဲ့ကြောင်း အေဂျင်စီက ပြောပါတယ်။
အဲဒီသင်္ဘောမှာ ခရီးသည် ၅၃ ယောက်နဲ့ အမှုထမ်း ၁၂ ယောက် လိုက်ပါသွားပြီး မော်တော်ယာဉ် ၂၂ စီးကိုလည်း တင်ဆောင်သွားကြောင်း အေဂျင်စီက ပြောဆိုပါတယ်။
ကြာသပတေးနေ့က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ (SAR) မှ တာဝန်ရှိသူတွေဟာ ညအချိန်မှာပဲ ဆိပ်ကမ်းမှထွက်ခွာပြီး ဘာလီရေလက်ကြားက မတော်တဆမှု ဖြစ်ပွားရာနေရာကို သွားရောက်ကြောင်း ဗီဒီယိုကို ထုတ်ပြန်ခဲ့ပေမဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေနဲ့ လေပြင်းတွေကြောင့် ရှာဖွေမှုမှာ အဟန့်အတားဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ခရီးသည်တွေ ဘာလူမျိုးတွေဖြစ်တယ် ဆိုတာကို တရားဝင် ထုတ်ပြန်ချက် မရှိသေးပေမဲ့ MetroTV က ထုတ်လွှင့်ချက်အရ သင်္ဘောပေါ်မှာ နိုင်ငံခြားသားတွေ လိုက်ပါလာတာ မရှိဘူးလို့ ဆိုပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးအတွက် ကူးတို့သင်္ဘောတွေကို အများအားဖြင့် အသုံးပြုလေ့ရှိကြပြီး လျော့ရဲပေါ့ဆတဲ့ ဘေးကင်းရေး စံနှုန်းတွေကြောင့် လုံလောက်တဲ့ အသက်ကယ်ကိရိယာတွေ မပါရှိဘဲ သင်္ဘောတွေကို ဝန်ပိုတင်ဆောင်ခွင့် ပြုလေ့ရှိတာကြောင့် မတော်တဆမှုတွေ အဖြစ်များပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း ဆူလာဝေစီကျွန်းအနီးမှာ ကူးတို့သင်္ဘောငယ်တစီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters