
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာပံ့ပိုးနေတဲ့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ဇူလိုင် ၃၁ ရက် နောက်ပိုင်းမှာ အစားအသောက်ကတ် ပံ့ပိုးမှု ရပ်ဆိုင်းသွားဖွယ်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အစားအသောက်ကတ်အစီအစဉ်အတွက် TBC ရဲ့ ပင်မအလှူရှင်ဆီက ဇူလိုင် ၃၁ ရက်နောက်ပိုင်း ထောက်ပံ့ငွေ ဆက်လက်ထောက်ပံ့မှုကို အတည်ပြုမှုမရရှိတဲ့အတွက် အခုလို ထုတ်ပြန် အသိပေးတာလို့ ဆိုပါတယ်။
အခုလို အပြောင်းအလဲတွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ အိမ်ထောင်စုအများစုအပေါ် သက်ရောက်နိုင်ပြီး TBC အနေနဲ့ အစားအစာ ထောက်ပံ့မှုတွေ ရရှိဖို့ အကောင်းဆုံး ကြိုးပမ်းနေပေမဲ့ ရန်ပုံငွေ ကွာဟချက်တွေကို ပြန်ဖြည့်စွက်နိုင်ဖို့ မအောင်မြင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်စခန်းတွေမှာ စံသတ်မှတ်ချက် ၃ မျိုးခွဲထားပြီး အထူးလိုအပ်ချက်ပိုရှိသော MV နဲ့ အထူးလိုအပ်ချက်ရှိသော အိမ်ထောင်စုများ V နဲ့ Standard အိမ်ထောင်စုများဆိုပြီး ၃ မျိုး ရှိပါတယ်။
ဒီ ၃ မျိုးထဲက MV နဲ့ V ကတော့ ရိက္ခာစာအုပ်ကို အသုံးပြုပြီး ဂိုဒေါင်မှာ လစဉ်ရိက္ခာခြောက် ပစ္စည်းတွေ ဖြန့်ဖြူးပြီး ပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
Standard အိမ်ထောင်စုတွေကတော့ ဇူလိုင် ၃၁ ရက် နောက်ပိုင်းမှာ အစားအစာ ထောက်ပံ့မှု ရရှိတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
နောက်ဆုံး အစားအသောက်ကတ် ငွေဖြည့်ခြင်းကို ဇူလိုင် ၁ ရက်မှာ အရင်လက သတ်မှတ်ထားတဲ့ ငွေဖြည့်သွင်းတဲ့ ပမာဏအတိုင်း ပေးဆောင်မှာ ဖြည့်ပြီး ဩဂုတ်လက စပြီးတော့ ငွေဖြည့်သွင်းတာတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့ အစားအသောက်ကတ်တွေဟာ ဩဂုတ် ၃၁ ရက်အထိ ဆက်လက် အသက်ဝင်မှာ ဖြစ်ပြီး အိမ်ထောင်စုတွေအနေနဲ့ ဩဂုတ် ၃၁ မတိုင်ခင် လက်ကျန်ငွေကို အကုန်အသုံးပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အိမ်ထောင်စု ရိက္ခာစာအုပ်တွေနဲ့ အစားအသောက်ကတ်တွေကိုလည်း တချိန်ချိန်မှာ ပြန်လည်လိုအပ်နိုင်တဲ့အတွက် လုံခြုံစွာ သိမ်းထားကြဖို့လည်း အကြံပြုထားပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နဲ့ အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တသိန်းနီးပါး ခိုလှုံနေတယ်လို့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) စာရင်းတွေအရ သိရပါတယ်။