
ဥရောပနိုင်ငံတွေမှာ ပြင်းထန်တဲ့ အပူလှိုင်း ကျရောက်နေချိန် စပိန်နိုင်ငံက ကက်တလိုနီးယားဒေသမှာ ဇူလိုင် ၁ ရက်က တောမီးလောင်မှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ အရေးပေါ် ဝန်ဆောင်မှုဌာနတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုရယ်ဖှဲ့တာမြို့လေးမှာ အင်္ဂါနေ့မွန်းလွဲပိုင်းက လယ်စိုက်ခင်း ဧရိယာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လယ်မြေအများအပြား ပျက်စီးကာ ကီလိုမီတာ ၄၀ (၂၅ မိုင်) ကျယ်ဝန်းတဲ့ ဧရိယာကို ပျက်စီးခဲ့ကြောင်း မီးသတ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် မုန်တိုင်းနဲ့ လေပြင်းတွေကြောင့် မီးဟာ အလွန်ပြင်းထန်ပြီး မှန်းဆမရကြောင်းနဲ့ မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေတဲ့ convection cloud (လေပူတွေ မြင့်တက်ရာက စုဖွဲ့ဖြစ်ပေါ်လာတဲ့ မိုးတိမ်) ဖြစ်ပေါ်လာတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းလောက်မှာ မုန်တိုင်းတွေ ထပ်မံဝင်ရောက်လာနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပြီး သတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
အင်္ဂါနေ့မှာ ဒေသခံ ၁၄,၀၀၀ လောက်ကို အိမ်ထဲမှာ အချိန်အတော်ကြာ နေကြဖို့ တောင်းဆိုခဲ့ပါတယ်။
ဥရောပမှာလည်း မကြုံစဘူး အပူရှိန်ကို ရင်ဆိုင်နေရချိန်မှာ တောမီးလောင်မှု ဖြစ်လာတာကြောင့် ဒေသအနှံ့ အပူရှိန် သတိပေးချက်တွေ ထုတ်ပြန်ပါတယ်။
စပိန်နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီ AEMET က ဇွန်လဟာ အပူဆုံးစံချိန်တင်ခဲ့ကြောင်း ဒီတပတ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အီဘေ့ရီယမ်ကျွန်းဆွယ်ရဲ့ နေရာအနှံ့အပြားမှာ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းတွေနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေအတွက် ဗုဒ္ဓဟူးနေ့မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
Source: Reuters