
မြန်မာ့အရေးလျှို့ဝှက်လှုပ်ရှားနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို ကူညီရာရောက်တဲ့ ခရီးစဉ် မဟုတ်ဘူးလို့ Justice for Myanmar က ပြောပါတယ်။
Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဂျူလီဘစ်ရှော့ရဲ့ မော်စကိုခရီးစဉ်ဟာ မြန်မာနိုင်ငံကို ကူညီရာမရောက်သလို၊ သူ တရုတ်အစိုးရနဲ့ ပတ်သက်နေတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီအတွက် အကြံပေးအဖြစ် ဆောင်ရွက်ရာကနေ ဖြစ်လာတဲ့ အကျိုးစီးပွားချင်း ထိပ်တိုက် တွေ့မှု ပြဿနာကိုလည်း ဖြေရှင်းရာ မရောက်ဘူး” လို့ သုံးသပ်ပါတယ်။
ဂျူလီဘစ်ရှော့ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ခဲ့ပြီး ဒုဝန်ကြီး ဆာဂေးဗာရှ်နင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။
ရုရှားဟာ မြန်မာစစ်တပ်ကို လက်နက်အဓိကတင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ရုရှားထုတ်လက်နက်တွေ၊ တိုက်လေယာဉ်တွေသုံးပြီး အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်နေသလို ကျောင်းတွေ၊ ဆေးရုံတွေကိုပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဂျူလီဘစ်ရှော့ရဲ့ မော်စကိုခရီးစဉ်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဂျူလီဘစ်ရှော့ကတော့ သူဟာ တာဝန်အရ မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခအတွက် ကုလလုံခြုံရေးကောင်စီ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားကို သွားခဲ့တာလို့ သြစတြေးလျ သတင်းဌာနတခုကို ဖြေဆိုထားပါတယ်။
ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံထဲ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်နွှယ်မှုတွေ ရှိတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေအပေါ်စုံစမ်းစစ်ဆေးပေးဖို့ ဆိုပြီး JFM အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ နီးပါးက မတ် ၁၇ ရက်မှာ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။
ဂျူလီဘစ်ရှော့ဟာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ဩစတြေးလျ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၉၉၈ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်ထိ နှစ်ပေါင်း ၂၀ ကြာ တာဝန်ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။
ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ခန့်အပ်ခဲ့တာဖြစ်ပြီး မြန်မာ့အရေး သိုသိပ်လျှို့ဝှက်စွာ လုပ်ဆောင်နေပေမဲ့ ခုချိန်ထိ သိသာထင်ရှားတဲ့ ရလဒ်တခုမှ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
စိုးသူအောင်