Home
နိုင်ငံတကာ
ထရမ့်ပ်အစိုးရ တင်ပြသည့် အသုံးစရိတ် ဥပဒေကြမ်းကို အထက်လွှတ်တော် အတည်ပြု
DVB
·
July 2, 2025
Photo :Reuters

One Big Beautiful Bill လို့ နာမည်ပေးထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ အခွန်နဲ့ အသုံးစရိတ် ဥပဒေကြမ်းကို ဇူလိုင် ၁ ရက်မှာ အမေရိကန်အထက်လွှတ်တော်က ပွတ်ကာသီကာ အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းကြောင့် ၂၀၃၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံလောက် လိုငွေပြနိုင်မှာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့မနက်က စခဲ့တဲ့ မာရသွန်စကားလုပြိုင်ပွဲမှာ ရီပတ်ဘလီကန်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်က ဥပဒေကြမ်းကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၅၀ နဲ့ အတည်ပြုခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ်က မဲခွဲဆုံးဖြတ်ပြီး ၅၀-၅၀ သရေရလဒ်ကို ချိုးဖျက်ခဲ့တာပါ။

ဒီဥပဒေထဲမှာ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးနဲ့ စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ အသုံးစရိတ်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အာဟာရအစီအစဉ်တွေနဲ့ လျှပ်စစ်ကား အထောက်အပံ့တွေကို ဖြတ်တောက်တာတွေ ပါပါတယ်။

ဥပဒေကြမ်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ သက်တမ်းကုန်ဆုံးမယ့် ၂၀၁၇ အခွန်ဖြတ်တောက်မှုနဲ့ အလုပ်များအက်ဥပဒေကို သက်တမ်းတိုးမှာလည်း ဖြစ်ပါတယ်။

ဥပဒေကြမ်းကြောင့် လာမယ့် ဆယ်စုနှစ်မှာ လိုငွေ ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံလောက် တိုးလာမှာဖြစ်ပြီး မေ ၂၂ ရက်က အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဘတ်ဂျက်လိုငွေပြမှု ပမာဏထက် ၂ ဒသမ ၈ ထရီလီယံ ပိုများမယ်လို့  အောက်လွှတ်တော် ဘတ်ဂျက်ရုံးရဲ့ နောက်ဆုံး ခန့်မှန်းချက်က ဆိုပါတယ်။

ဒါ့အပြင် မေ ၂၂ ရက်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းကို ပြန်ပြင်ဆင်ဖို့ အောက်လွှတ်တော်က အတည်ပြုဖို့ လိုအပ်ပါတယ်။

အစောပိုင်းမှာ ထရမ့်ပ်က ဥပဒေပြုအမတ်တွေကို ဇူလိုင် ၄ ရက် မတိုင်မီ အတည်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရအစီအစဉ်တွေအတွက် အသုံးစရိတ် ဖြတ်တောက်မှုတွေနဲ့ အခွန်လျှော့ချမှု သက်တမ်းတိုးတာတွေကို အထက်လွှတ်တော်က အဓိက ရီပတ်ဘလီကန် အမတ်တချို့နဲ့ ဒီမိုကရက်တွေ၊ အတိုက်အခံတွေက ဝေဖန်ခဲ့ပါတယ်။

ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ မဲခွဲဆုံးဖြတ်မယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

ဇူလိုင် ၁ ရက် အစောပိုင်းမှာ အထက်လွှတ်တော်က အလုပ်လက်မဲ့ သန်းကြွယ်သူဌေးတွေကို အလုပ်လက်မဲ့ လျော်ကြေးငွေ တောင်းဆိုမရအောင် တားဆီးဖို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျိုနီ အားနက်စ်က ကမ်းလှမ်းထားတဲ့ ပြင်ဆင်ချက်တရပ်ကိုလည်း လက်ခံခဲ့ပါတယ်။

ဒီဥပဒေကြမ်းဟာ အခွန်ဖြတ်တောက်မှု ကုန်ကျစရိတ်တွေကို တစိတ်တပိုင်း ထေမိစေဖို့ ဝင်ငွေနိမ့် လူကြီးတွေနဲ့ ကလေးတွေအတွက် အစိုးရရဲ့ ကျန်းမာရေးအာမခံ အစီအစဉ် မက်ဒစ်အိဒ်နဲ့ ဝင်ငွေနည်း အမေရိကန်တွေအတွက် စားနပ်ရိက္ခာအကူအညီ အစီအစဉ် တချို့ကိုလည်း ဖြတ်တောက်မှာ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024