
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ ဆီအူဒက် ဟွာရက်ဇ်က ပုဂ္ဂလိက မီးသင်္ဂြိုဟ်စက်တခုမှာ စုပုံ၊ ထုပ်ပိုး၊ စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃၀၀ ကျော်ကို မက္ကဆီကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့တယ်လို့ ဒေသဆိုင်ရာ အစိုးရရှေ့နေတွေက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ချီဝါးဝါး ပြည်နယ်ရှေ့နေရုံးရဲ့ အဆိုအရ ဒီရှာဖွေတွေ့ရှိမှုဟာ စီးပွားရေး စီမံခန့်ခွဲသူတွေရဲ့ ပေါ့ဆမှုကို ညွှန်ပြနေပြီး မီးသင်္ဂြိုဟ်တဲ့ အဆောက်အအုံရဲ့ အခန်းအမျိုးမျိုးမှာ အစီအစဉ်တကျ မဟုတ်ဘဲ အလောင်းတွေကို စီထပ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
မှုခင်းဆေးပညာဌာန ဒါရိုက်တာ ဟာဗီယာ ဆန်ချက်ဇ် ဟာရဲရာက“စုစုပေါင်း ရုပ်အလောင်း ၃၈၃ လောင်းကို ရရှိထားတာမှာ အဲဒီထဲက ၂၁၈ ခုက အမျိုးသားအလောင်းတွေဖြစ်ပြီး အမျိုးသမီးအလောင်းတွေက ၁၄၉ ခု၊ ခုထိ မခွဲခြားရသေးတဲ့ အလောင်းက ၁၆ လောင်း ရှိပါတယ်” လို့ ပြောပါတယ်။
ဒီအလောင်းတွေရဲ့ လိင်ကို ဖော်ထုတ်ခွဲခြားဖို့အတွက် လိုအပ်တာတွေကို ဆောင်ရွက်ဖို့ ဓာတ်ခွဲခန်းအလုပ်ကို ခွင့်ပြုပေးဖို့လိုအပ်ပြီး မနုဿဗေဒအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးရုံး လုပ်ငန်းကနေတဆင့် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီမီးသင်္ဂြိုဟ်စက် အမျိုးအစားတွေကို ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက် သို့မဟုတ် ပျက်ကွက်မှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ချီဝါးဝါး ပြည်နယ်ရှေ့နေချုပ် ဆီဇာ ဟောက်ရက်ဂယူက ပြောကြားပြီး မိသားစုတွေအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
အာဏာပိုင်တွေကတော့ အလောင်းတွေအားလုံးကို ထုပ်ပိုးထားပြီး လူ့ရုပ်အလောင်း အကြွင်းအကျန်တွေကို စီမံဆောင်ရွက်ရမယ့် ပရိုတိုကော လိုအပ်ချက်အရ သေဆုံးကြောင်း အထောက်အထားတွေလည်း ရှိတယ်လို့ ယူဆရကြောင်း ပြောပါတယ်။
ဒီအလောင်းတွေထဲက အများစုကို အသုဘအခမ်းအနား ပြင်ဆင်ထားခဲ့ပြီး မီးသင်္ဂြိုဟ်ရုံကို ပို့ဆောင်ပြီးရင် အရိုးပြာတွေကို မိသားစုဝင်တွေဆီ ပြန်လည်ပေးအပ်ဖို့ ဖြစ်တယ်လို့ ဒေသ ရှေ့နေရုံးက ယူဆထားပါတယ်။
စီးနင်းမှုအတွင်း လူ ၂ ယောက်ကို ဖမ်းဆီးထားပြီး သူတို့ကို မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ အလောင်းဖော်ယူခြင်းနဲ့ လူသေအလောင်းတွေကို မသင့်မလျော်ပြုမူခြင်း စတဲ့ စွဲချက်တွေ တင်ထားပါတယ်။
စွပ်စွဲခံရသူ ၂ ယောက်စလုံးဟာ အနည်းဆုံး အသုဘအိမ် ၅ အိမ်မှ အလောင်းတွေကို မီးရှို့ပေးဖို့ စာချုပ် ချုပ်ထားတဲ့ မီးသင်္ဂြိုဟ်လုပ်ငန်း လုပ်ကိုင်သူတွေလို့ ယူဆရပြီး တချို့အလောင်းတွေမှာ ၅ နှစ်အထိ မီးမသင်္ဂြိုဟ်ရသေးဘဲ ကြာနေပြီဖြစ်ပါတယ်။
Source: Reuters