
မုံရွာသပိတ်ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဉ်းထောင်ဝန်ထမ်းက မေ့မြောတဲ့အထိ သံတုတ်နဲ့ ရိုက်နှက်ကာ ခြေကျင်းခတ်နဲ့ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။
မုံရွာအကျဉ်းထောင်ကနေ အိုးဘိုအကျဉ်းထောင်ကို ထောင်ပြောင်းရွှေ့လာတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အိုးဘိုးထောင်က အကျဉ်းဦးစီးအရာရှိဝန်ထမ်းတယောက်က ရည်ရွယ် ချက်ရှိရှိ သံတုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်။
သွေးထွက်လွန်ပြီး သတိမေ့မြောသွား ချိန်မှာတောင် ထောင်ဆေးရုံကိုပို့ ပေးတာ မရှိဘဲ ခြေကျင်းခတ် တိုက်ပိုက်ကာ ထောင်ဝင်စာတွေ့ခွင့်တွေပါ ပိတ်ပင်ထားတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ကိုဝေမိုးနိုင် ထောင်ဗူးဝကို အဝင်မှာကတည်းက အကျဉ်းဦးစီးရဲ့ အရာရှိတဦးကနေပြီးမှ မင်းလားကွ မုံရွာသပိတ်ခေါင်းဆောင်ဝေမိုးနိုင်ဆိုတာ၊ မင်းကိုငါတို့စောင့်နေတာ ဆိုတဲ့စကားကိုပြောပြီးမှ ကိုဝေမိုးနိုင်ကို စတင်ရိုက်နှက်တာဖြစ်ပါတယ်။ အဲဒီမှာ သူကိုင်ထားတဲ့ဟာက သံပိုက်လုံးလိုဟာမျိုးပေါ့ အဲတာနဲ့ ရိုက်နှက်တာအခါ ဦးခေါင်းတွေရော နောက်ကျောတွေရောပေါ့၊ အဓိက ကိုဝေမိုးနိုင်မေ့မြောသွားတဲ့ အချက်ကတော့ နှဖူးကို ရိုက်လိုက်တဲ့အချိန် နှဖူးကွဲသွားပြီး သွေးတွေ အများကြီး ထွက်တယ်။ သွေးထွက်လွန်ပြီး မေ့မြောသွားတယ်။ မေ့မြော သွားတဲ့အခြေအနေမှာလည်း အရေးပေါ် ထောင်ဆေးရုံပို့တာ ပြင်ပြဆေးရုံကို သော်လည်းကောင်းပို့ရမှာ ဖြစ်ပေမဲ့ မပို့ခဲ့ဘူး။ မိနစ်ပိုင်းအကြာမှာ ကိုဝေမိုးနိုင် သတိ ပြန်လည်လာတယ်။ သတိပြန်လည်လာတော့ ခြေကျင်းနဲ့ပဲ သီးခြားတိုက်မှာ ထောင်ဝင်စာ ပါဆယ်ရော မိသားစုနဲ့ တွေ့ဆုံခွင့်ရောဖြတ်ပြီး တိုက်ပိတ်လိုက်တယ်။ အခုချိန်ထိလည်း သီးခြားတိုက်မှာပဲ တိုက်ပိတ်ခံထားရ ဆဲဖြစ်ပါတယ်။”
ဇွန် ၁၂ ရက်မှာ မုံရွာအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၂၀၀ ဝန်းကျင်ကို အိုးဘိုအကျဉ်းထောင်ကို ထောင်ပြောင်းရွေ့ခဲ့ရာမှာ ကိုဝေမိုးနိုင်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ရဲ့ သတင်းကိစ္စတွေနဲ့ပတ်သက်လို့ စိုးရိမ်နေကြောင်းကို ကိုဝေမိုးနိုင်နဲ့ရင်းနှီးတဲ့ တော်လှန်ရေးမိတ်ဆွေ တယောက်က ပြောပါတယ်။
“သပိတ်မှာကတည်းက အားလုံးမျှော်မှန်းထားသလိုမျိုး ဒီတိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတယောက်၊ ဦးဆောင်ဦးရွက် ပြုနိုင်တဲ့သူတယောက်၊ လူငယ်တွေအတွက် ခေါင်းဆောင်ကောင်း တယောက်ဆိုတာ ကျနော်တို့အားလုံးက သတ်မှတ်ထားတဲ့အတွက် သူ့ကို ကျနော်တို့အားလုံး လိုအပ်တယ်။ အဲဒါကြောင့် သူ့ကို တခုခု တစုံတရာ လုံးဝမှ အဖြစ်ခံလို့မရဘူး။ အခု သူ့အမေက စာရွက်စာတမ်းအပြည့်အစုံနဲ့ ထောင်ဝင်စာတွေ့ဖို့ တွေ့ခွင့်ရဖို့ ကြိုးစားတာတောင်မှ တွေ့ခွင့်မရဘူးတဲ့။ ပစ္စည်းတွေပဲ ထားခဲ့လို့ပြောတယ်တဲ့။”
ကိုဝေမိုးနိုင်ဟာ နွေဦးတော်လှန်ရေးစတင်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက မုံရွာသပိတ်ကို ဆိုင်ကယ်နဲ့ ဦးဆောင်ပြသခဲ့တာဖြစ်ပြီး စစ်ကောင်စီက ဆိုင်ကယ်သပိတ်တန်းကို ကားနဲ့တိုက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ပုဒ်မ ၅၀၅ (က) ၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ စတာတွေနဲ့ ဆွဲချက်တင်ခံခဲ့ရပြီး လက်ရှိမှာတော့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံထားရပါတယ်။
လက်ရှိ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ အိုးဘိုအကျဉ်းထောင်မှာဆိုရင် နိုင်ငံရေးအကျဉ်း သားတွေ သေဆုံးမှုက အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်နဲ့ မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌှ နိုင်ငံရေးအကျဉ်းသား ဦးအောင်ကျော်ဦး တို့အပါအဝင် ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်းမှာပဲ ထောင်တွင်းသေဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသားတွေဟာ ၅၆ ယောက်ရှိလာပြီ ဖြစ်ပါတယ်။
ဝေဝေ