
မြန်မာ အာဏာသိမ်းစစ်ကောင်စီက အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာမယ့်အပေါ် ကန့်ကွက်ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံကို တရားဝင် စာပို့အသိပေးထားကြောင်း ထိုင်းအခြေစိုက် Thai PBS World သတင်းဌာနက ဇူလိုင် ၂ ရက်မှာ ရေးသားဖော်ပြပါတယ်။
အာဆီယံဥက္ကဋ္ဌကို ပေးပို့တဲ့စာမှာ တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံအတွင်းရေးများကို မစွက်ဖက်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တယ်လို့ စစ်ကောင်စီက ရေးသားဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှေ့တီမောနိုင်ငံအနေနဲ့ အာဆီယံရပ်တည်ချက်နဲ့ ဆန့်ကျင်ပြီးသော်လည်းကောင်း ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံခြင်းကို ရှောင်ဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ ရည်ညွှန်းတဲ့ အဖွဲ့အစည်းတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ဆိုလိုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလထဲမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေက လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တီမောနိုင်ငံကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သဘောတူခဲ့ကြပါတယ်။
အရှေ့တီမောနိုင်ငံနဲ့ ခေါင်းဆောင်တွေဟာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။