
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေလို့ စစ်ဘေးရှောင်တွေကို မြေမြှုပ်မိုင်းအန္တရာယ် သတိထားကြဖို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်သတိပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သံတွဲမြို့မှာ စစ်ရှောင်တွေ စားသောက်ရေးနဲ့ အလုပ်အကိုင်တွေ ခက်ခဲနေချိန် ရက် ၂၀ ကျော် ဆက်တိုက် မိုးသည်းထန်နေတာကြောင့် မိုင်းအန္တရာယ် သတိရှိကြဖို့ ဒေသခံတွေအတွက် AA က မိုင်းသတိပေးတာတွေ ထုတ်ပြန်ပေးနေတယ်လို့ ဆိုပါတယ်။
သံတွဲမြို့က စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “သံတွဲစစ်ရှောင်တွေက မိုးက ရက် ၂၀ လောက် ဆက်တိုက်ရွာနေတော့ စားဝတ်နေရေး အဆင်မပြေပေါ့။ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေက အားကြီးပဲ။ ဘာဖြစ်လို့ နေရပ်မပြန်နိုင်သေးလဲဆိုတော့ မြေမြှုပ်မိုင်း အန္တရာယ်တွေကြောင့်ပေါ့။ မိုးကတော့ ကြီးနေတယ်။ ရေတော့ မကြီးသေး။ စားဝတ်နေရေးကတော့ နေရပ်မပြန်နိုင်တော့ အလုပ်အကိုင် မရှိဘူးပေါ့။ AA က နံရံကပ်စာစောင်တွေ ဆက်တိုက်ဝေနေသလို ပညာပေးနေတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သံတွဲမြို့ ပတ်ဝန်းကျင်ရွာတွေမှာ AA က မိုင်းရှင်းလင်းရေးတွေ ဆက်လုပ်နေရလို့ စစ်ရှောင်တွေကို နေရပ်မပြန်ခိုင်းသေးတာကြောင့် ဒေသခံတွေလည်း အလုပ်အကိုင်တွေ အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။
သံတွဲမြို့ကို AA သိမ်းပြီး တနှစ်ကျော်ကြာပြီဖြစ်ပေမဲ့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် အများအပြားရှိနေပြီး ULA က ခွင့်ပြုပေးထားတဲ့ ပရဟိတအဖွဲ့တွေက ဆန်နဲ့ ရိက္ခာတွေ ကူညီထောက်ပံ့နေကြတာလို့ သိရပါတယ်။
သံတွဲဒေသခံတယောက်က “ULA က ဆန်တအိတ်ကို ၇၀,၀၀၀ ကျော် သတ်မှတ်ပေးထားတယ်။ တိုက်ပွဲတွေ ဖြစ်ကတည်းက စပါးတွေကို ပြည်မဘက် ထုတ်မရောင်းရတော့ ပိုလျှံတယ်လို့တော့ မဟုတ်ဘူး၊ ရှိနေကြတယ်။ ဒါပေမဲ့လည်း ဆန်ဈေးမကောင်းတော့ တောင်သူတွေလည်း ခက်ခဲတာပေါ့။ ဆန်ဈေးမကြီးပေမဲ့လို့ လယ်ထွန်စရိတ်က ကြီးတယ်။ မိုးကရွာတော့ အလုပ်အကိုင်လည်း မရှိကြဘူး။ မိုးကြီးနေတော့ မိုင်းအန္တရာယ် သတိထားဖို့ စာတွေကပ်ပြီး သတိပေးနေတယ်။ ချောင်းရေတော့ မကြီးသေးလို့ တော်သေးတယ်။ လူတွေလည်း အခက်တွေ့နေကြပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် AA က လေကြောင်းအန္တရာယ်ကြောင့် ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်ပြီး စစ်ရှောင်ကူညီပေးဖို့ မှတ်ပုံတင်ထားသူ တချို့ကိုသာ ဖုန်းပေးကိုင်တော့တာလို့ ဆိုပါတယ်။
ဒေသခံတွေဟာလည်း စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်နဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုပဲ စိုးရိမ်နေကြရတာဖြစ်ပြီး မြေမြှုပ်မိုင်းတွေကြောင့်ပဲ အရပ်သားတွေ ထိခိုက်သေဆုံးနေရတယ်လို့ ဆိုပါတယ်။
AA အနေနဲ့လည်း သံတွဲမြို့မှာ ပြည်သူတွေ အန္တရာယ်ကင်းရှင်းဖို့ မိုင်းရှင်းလင်းရေးလုပ်နေသလို မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေအန္တရာယ် အသိပညာပေး ဟောပြောပွဲတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဇွန် ၂၀ ရက်အထိ AA ဟာ သံတွဲမြို့နယ်က မိုင်းအလုံး ၅၀၀ လောက်နဲ့ ဂွမြို့နယ်က မိုင်းအလုံး ၁,၅၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး ကျောက်ဖြူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အပြင် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးမယ်လို့ ခန့်မှန်းထားပါတယ်။