
မြန်မာနိုင်ငံကိုယ်စားပြု ချင်းတိုင်းရင်းသား ဂျိူရူအာဗန်ဟာ UFC ဖလိုင်းဝိတ်ချန်ပီယံစိန်ခေါ်ပွဲ အဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုယာနဲ့ ထိုးသတ်ခွင့်ရမှာဖြစ်ပါတယ်။
ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ UFC ပွဲမှာ ဂျိုရူအာဗန်က ခါးပါတ်စိန်ခေါ်နိုင်သူ အဆင့် ၁ မှာရှိနေတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရိုင်ဗယ်ကို အမှတ်နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလုပွဲ ထိုးသတ် ခွင့်ရရှိခဲ့တာပါ။
ဗန်ရဲ့ပွဲစဉ်ပြီးနောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုယာဟာလည်း စိန်ခေါ်သူ အိုလီဗီယာကို အနိုင်ရပြီး ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ် အပြီးမှာပဲ ချန်ပီယံစိန်ခေါ်သူဖြစ်လာမယ့် ဗန်ကို ကြိုးဝိုင်စင်ပေါ် ဖိတ်ခေါ်ခဲ့ပြီး အစီအစဉ်တင်ဆက်သူက မိတ်ဆက်ပေးခဲ့ပါတယ်။
ပန်တိုယာဟာ ခမ်းနားကြီးကျယ်တဲ့ချန်ပီယံဖြစ်ပေမဲ့ မိမိကို ဘယ်တော့မှာ ယှဉ်ပြိုင်ထိုးသတ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဗန်က စိန်ခေါ်စကားပြောခဲ့ပါတယ်။
ပန်တိုယာကတော့ ဗန်ဟာ ချန်ပီယံကို စိန်ခေါ်ဖို့ ထိုက်တန်ပြီး မိမိကိုယ်ကိုယ်နှိမ့်ချတတ်သူဖြစ်ကြောင်း ချီးကျူးသွားပါတယ်။
ဗန်နဲ့ ပန်တိုယာတို့ရဲ့ ဖလိုင်းဝိတ်ချန်ပီယံရွှေခါးပတ်စိန်ခေါ်ပွဲကို ဘယ်အချိန်မှာ ထိုးသတ်မလဲဆိုတာ ကတော့ UFC ဘက်ကမထုတ်ပြန်သေးပါဘူး။
ဗန်ဟာ UFC ၅ ပွဲဆက်တိုက် အနိုင်ရခဲ့တာကြောင့်လည်း ချန်ပီယံဆုနဲ့ လက်တကမ်းအကွာကို ရောက်ရှိလာတာဖြစ်ပါတယ်။