
မြန်မာအမျိုးသမီးဘောလုံးအသင်း အနေနဲ့ အာရှခြေစစ်ပွဲ အောင်မြင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းနဲ့ အဓိက ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးမှာ လက်ခံကျင်းပနေတဲ့ အာရှခြေစစ်ပွဲအုပ်စု C မှာ မြန်မာအမျိုးသမီးအသင်းက ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ တာ့မင်နစ္စတန် အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေတာပါ။
အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းက တာ့မင်နစ္စတန်ကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းကလည်း ဘာရိန်းကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
လက်ကျန် ၂ ပွဲစီ ကစားဖို့ကျန်သေးပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်က အဆုံးအဖြတ် ဖြစ်လာမှာပါ။
အာရှခြေစစ်ပွဲမှာ အုပ်စုတခုချင်းစီက အုပ်စုပထမရတဲ့ အသင်းတွေကပဲ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲရလဒ်က ခြေစစ်ပွဲအောင်ဖို့ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။