Home
မြန်မာသတင်း
မြန်မာစစ်တပ် လော်ဘီများက အမေရိကန်အစိုးရနှင့် လွှတ်တော်ကို ချဉ်းကပ် စည်းရုံးနေ 
DVB
·
June 30, 2025

စစ်ကောင်စီ လော်ဘီတွေ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အမေရိကန်အစိုးရကို ဗျူဟာတကျ တုံ့ပြန်စည်းရုံးနိုင်ဖို့အတွက် မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ 

၂၀၂၅ နှစ်ဆန်းပိုင်း အမေရိကန်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် စစ်ကောင်စီက သူတို့ရဲ့ တရားဝင်ရပ်တည်ခွင့်အတွက် အမေရိကန်နိုင်ငံကို လော်ဘီတွေ စေလွှတ်ပြီး စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။

လက်ရှိ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စတင်ခဲ့တဲ့ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ကာလတွေတုန်းက အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တာကြောင့် အမေရိကန်နိုင်ငံရေးမှာ အကျွမ်းတဝင်ရှိခဲ့သူ ဖြစ်ပါတယ်။

စစ်ကောင်စီက စေလွှတ်ထားတဲ့ လော်ဘီတွေဟာ ၁၉၈၈ နှောင်းပိုင်းကတည်းက အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာ ပညာသင်ယူပြီး ကျွမ်းကျင်သူတွေ ဖြစ်တာကြောင့် လက်ရှိ အမေရိကန်အစိုးရကို စည်းရုံးရာမှာ ပေါက်ရောက်မှုတချို့ ရှိလာတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

ဒီအခြေအနေမှာ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို စဉ်ဆက်မပြတ်ချဉ်းကပ်နိုင်ရေး၊ မြန်မာ့အရေး ပိုပြီး အသိပေးစည်းရုံးနိုင်ရေးတို့ကို ဗျူဟာတကျဆောင်ရွက်နိုင်ဖို့အတွက် ပြည်နယ် ၅၀ ရောက် မြန်မာတွေစုပေါင်းပြီး ဒေသစံတော်ချိန် ဇွန် ၂၈ ရက်မှာ ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။ 

Save Myanmar-USA မှ ကိုရင်အေးက “ကျနော်တို့ရဲ့ ဝါရှင်တန်ဒီစီကိုပါ သူ့ရဲ့လော်ဘီတွေ ရောက်နေပြီ။ ထဲထဲဝင်ဝင် ရောက်နေပြီပေါ့နော်။ ပြောရမယ်ဆိုရင် စစ်ကောင်စီရဲ့ လော်ဘီတွေကလည်း သမိုင်းတွေ ပြောမယ်ဆို အများကြီးပါပဲ။ နိုင်ငံခြားရေးဝန်ကြီး ဦသန်းဆွေဟာ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ အပြောင်းအလဲလုပ်တဲ့အချိန်မှာ သူက အမေရိကမှာ သံအမတ်အနေနဲ့ တာဝန်ထမ်းဆောင်ပြီးတော့ ထဲထဲဝင်ဝင် ချဉ်းကပ်နိုင်ခဲ့တဲ့လူယောက် ဖြစ်တယ်။ US နဲ့ ဆက်ဆံရေးကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ အဲဒီလိုအနေအထားမှာ ဦးသန်းဆွေရဲ့ ခြေတံလက်တံတွေ အကုန်လုံးက US လွှတ်တော်ရဲ့ လှေကားကို ရောက်နေပြီ။ နောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတံခါးကို ရောက်နေပြီ။ တော်တော်ကြီးကို ပေါက်ရောက်တဲ့ အနေအထား ဖြစ်နေပြီဆိုတော့ ကျနော်တို့အနေနဲ့ အစုအဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ စုစုစည်းစည်းနဲ့ တောင့်ခံနိုင်မလဲ ဆိုတာကို ကျနော်တို့ နည်းလမ်းရှာကြမှာ” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အမေရိကန်လွှတ်တော်ကို မြန်မာ့အရေး အသိပေးစည်းရုံးနိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒနယ်အသီးသီးက မြန်မာနွယ်ဖွားတွေက သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နည်းလမ်းစုံနဲ့ အသိပေးခဲ့တာပါ။ 

မြန်မာပြည်တွင်းရေးမှာ တရုတ်အစိုးရက ပေါ်ပေါ်ထင်ထင်ဝင်ရောက် စွက်ဖက်လာတာ၊ အမေရိကန်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားရေးမူဝါဒတွေ အပြောင်းအလဲ ဖြစ်ကုန်တာတွေဟာ နိုင်ငံတကာရောက် မြန်မာ့အရေး ဆောင်ရွက်သူတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိခဲ့ပြီး ပိုပြီး စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ပထမအကြိမ် အွန်လိုင်းဆွေးနွေးပွဲ Seminar ကို ပြုလုပ်ခဲ့တာလို့ ဆွေးနွေးပွဲဦးဆောင်သူတယောက်ဖြစ်တဲ့ ဦးကိုကိုလေးက  ပြောပါတယ်။

“ပေါ်လစီ ၄ ခုက ပြောရမယ်ဆိုရင် ၁ က Public Policy ကို Advocacy နဲ့ပတ်သက်လို့ ချဖို့ရယ်၊ နံပါတ် ၂ ကတော့ ရှိပြီးသား NGO တွေနဲ့ တဦးချင်းစီ အစုအဖွဲ့တွေက တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက်တွေ ပိုရအောင် ပိုပြီးတော့ ညှိနှိုင်းဆောင်ရွက်မှုတွေရရှိအောင် ၂ ကချပါတယ်။ အဲဒါလည်း လုပ်မယ့်သူတွေရှိပါတယ်။ ၃ ကတော့ ဒီ Advocacy နဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ မှာရောက်နေတဲ့ ညီအစ်ကိုမောင်နှမတိုင်းရင်းသားတွေကို ကျနော်တို့ ချိတ်ဆက်ပြီးတော့ လုပ်မှာဖြစ်ပါတယ်။ နံပါတ် ၄ အချက်ကတော့ Public Policy မှာ မဖြစ်မနေရှိတဲ့ ပြည်သူ့မူဝါဒ၊ အဲဒါတွေကို ကျနော်တို့က အလေးပေးနိုင်ဖို့ဆိုတာ မီဒီယာကိုသုံးမှာ ဖြစ်ပါတယ်။ Advocacy လုပ်တဲ့နေရာမှာ ကျနော်တို့က မီဒီယာကို အဓိကထားသုံးမှာဖြစ်တဲ့ အတွက်ကြောင့် နောက်ဆုံးအချက်ကတော့ မီဒီယာနဲ့ပတ်သက်ပြီးမှ မဟာဗျူဟာရေးဆွဲပြီးတော့ ကျနော်တို့ စီမံခန့်ခွဲတဲ့ Team တွေနဲ့သေချာစုဖွဲ့ပြီးတော့ လုပ်ကြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင်တချို့နဲ့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့ပါတယ်။ 

NUG အစိုးရက အစိုးရအချင်းချင်းဆက်ဆံတဲ့အသွင်နဲ့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို ချဉ်းကပ်ဖို့ကြိုးစားနေသလို အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေကလည်း သက်ဆိုင်ရာပြည်နယ် မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် မြန်မာ့အရေးကို အသိပေးဆွေးနွေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေက ပါဝင်ရပ်ခံဆွေးနွေးမှု အားကောင်းလေ မြန်မာ့အရေးအပေါ် အစိုးရက အာရုံစိုက်မှုပိုရလေဖြစ်တဲ့အတွက် စနစ်တကျ ပိုချဉ်းကပ်နိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက “နိုင်ငံတကာမှာရောက်ရှိနေတဲ့ ကျနော်တို့ရဲ့ အင်အားစုတွေရဲ့ အခန်းကဏ္ဍက အင်မတန်မှအရေးကြီးပါတယ်။ ရန်ပုံငွေရှာဖွေရေးကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နည်းပညာနဲ့အကူအညီပေးတဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ နောက် Direct Action သံရုံးတို့ ဘာတို့ရှေ့မှာ ဆန္ဒပြတာတို့ လှုပ်ရှားမှုတွေဆောင်ရွက်တာ၊ ကမ်ပိန်းတွေ ဆောင်ရွက်တာ ဒါတွေအားလုံးကိုလည်း ပါဝင်ဆောင်ရွက်နေတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် နွေဦးတော်လှန်ရေးမှာ အင်မတန်မှ အရေးကြီးတဲ့အခန်းကဏ္ဍ ရှိပါတယ်။ နောက်ထပ်အရေးကြီးတဲ့ နယ်ပယ် တခုကတော့ Advocacy ပေါ့လေ၊ ဒီ Advocacy ဆိုလို့ရှိရင်လည်း နိုင်ငံတကာမှာရှိ တဲ့သူတွေကို ကျနော်တို့က အဓိကအားကိုးပြီးတော့ ဆောင်ရွက်နေတယ်။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း အရင်းအမြစ်အားဖြင့် အင်မတန်မှ အကန့်အသတ်တွေ ရှိတဲ့အခါကျတော့ ဒီနိုင်ငံတကာမှာ ရောက်နေတဲ့ ကျနော်တို့ရဲ့ အဖွဲ့အစည်း အစုအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ ဒီလူတွေကိုပဲ ကျနော်တို့က အားပြုပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံခြားရေးကိစ္စတွေကို ဆောင်ရွက်ရတာပေါ့လေ” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာနွယ်ဖွား ခန့်မှန်းခြေ ၃ သိန်းကျော်ရှိနေပြီး မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်မှု ပိုအားကောင်းလာအောင် ပြည်သူအချင်းချင်း စည်းရုံးရေးလုပ်ငန်းတွေလည်း ဆောင်ရွက်ဖို့ လိုအပ်နေတာပါ။ 

အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေဟာ လူမျိုးစုအလိုက်၊ ဘာသာရေးအလိုက် အစုအဖွဲ့တွေနဲ့ ပြည်တွင်းအတွက် ရန်ပုံငွေရှာဖွေတာ၊ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ထောက်ပံ့တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမဲ့ အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးသမားတွေကို ချဉ်းကပ်ဆက်ဆံနိုင်ရေးတို့မှာတော့ အားနည်းမှုတွေ ရှိခဲ့တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

အစုအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ညီညွတ်မှု ပိုအားကောင်းလာရေးတို့ဟာလည်း လက်ရှိအကျပ်အတည်းကာလမှာ ပိုပြီးလိုအပ်နေတယ်လို့ ဆိုကြပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024