
ပီရူးနိုင်ငံ အန်ကက်ရှိဒေသရှိ ဟွာစ်ကာရန်းတောင် လေ့လာရေးခရီးမှာ လမ်းပျောက်သွားကြတဲ့ ဂျပန် တောင်တက်သမား ၂ ယောက်တို့ကို ဇွန် ၂၅ ရက်မှာ ပီရူးကယ်ဆယ်ရေးသမားတွေနဲ့ ရဲတပ်ဖွဲ့တို့က ကယ်ဆယ်ခဲ့ကြပါတယ်။
ကယ်ဆယ်ခဲ့ပြီးနောက် မကြာခင်မှာပဲ ခရီးသွားတယောက်က ကိုယ်အပူချိန် ကျဆင်းတာကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း ပီရူးသတင်းဌာနတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တောင်တက်သမားတွေဟာ တောင်ပေါ်က ဆင်းလာချိန်မှာ မြူခိုးတွေအကြား လမ်းပျောက်သွားကြတယ်လို့ ယူဆကြောင်း ပီရူးတောင်တန်း ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဘဲတိုးပင်တိုက ပြောပါတယ်။
“သူတို့က တောင်တက်အားကစားသမားတွေဖြစ်ပြီး တခြားသူတွေလိုပဲ သူတို့ဘာသာသူတို့ စူးစမ်းလေ့လာကြတယ်။ ရာသီဥတုဆိုးရွားတာ ဖြစ်နိုင်တယ်။”
သူတို့ဟာ မျက်စိမမြင်ရတော့ဘူးလို့လည်း ပြောပြီး မျက်စိမမြင်ရတာဟာ ဦးနှောက်ရောင်ခြင်းရဲ့ လက္ခဏာလို့ ဆိုပါတယ်။
အဲဒါကြောင့် သူတို့ဟာ ဦးနှောက်ရောင်ရောဂါနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆,၅၀၀ အမြင့်မှာ ညအိပ်ခဲ့ကြရချိန်အတွင်း တညလုံး ကိုယ်အပူချိန် ကျဆင်းတာကိုလည်း ခံစားခဲ့ကြရပါတယ်။
အဲဒါတွေကြောင့် သူတို့ဘာသာ ဆင်းလာနိုင်ဖို့ ခက်ခဲတာ ဖြစ်တယ်လို့လည်း ပင်တိုက ပြောပါတယ်။
တောင်တက်သမားတယောက်က အမေရိကန်ပြည်ထောင်စုရှိ အခြေစိုက်စခန်းတခုကို ဂြိုဟ်တု အချက်ပြမှုတခု ပေးပို့ အကြောင်းကြားခဲ့ပြီး အဲဒီကနေ ပီရူးအာဏာပိုင်တွေဆီကို ပြန်လည်ပေးပို့ခဲ့တာလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters