မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို ဇွန် ၂၄ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးနေလို့ ထောင်ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီဆီကနေ သိရပါတယ်။
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ ပြောရေးဆိုခွင့်ရှိသူတယောက်က “ငါ့သရောက်နယ်ထဲက ဈေးမကြီးရွာနဲ့ တောင်သာနယ်အနောက်ခြမ်းက ကင်းဇလုတ်ရွာတွေထဲကို ဝင်စီးပြီးတော့ ပစ္စည်းတွေခိုးတယ်၊ နောက်ပြီး အိမ်တွေမီးရှို့ကြတာပါ။ ဒေသခံရွာသားတွေ ထွက်ပြေးနေကြရတာတော့ ထောင်ချီတယ်။ စျေးမကြီးရွာကတော့ အိမ် ၂၀ ကျော် ၂၅ အိမ်လောက် ပျက်စီးတယ်လို့ ကနဦးသိထားရတယ်။ ကင်းဇလုတ်က ရွာခံတွေကတော့ စစ်ကြောင်းရှိနေသေးလို့ မပြန်ကြသေးတော့ ပျက်စီးတဲ့အခြေအနေကို မသိရသေးပါဘူး” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၂၄ ရက်မှာ ဈေးမကြီးကျေးရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြပြီးနောက် ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ကင်းဇလုတ်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုပေါ့ဘာက “ငါ့သရောက်ဘက်က တက်လာတဲ့ စစ်ကြောင်းဗျ။ အင်အား ၂၀၀ ဝန်းကျင်လောက် ပါလာတယ်။ (--)စစ်ကြောင်းက ကင်းဇလုတ်ရွာထဲမှာပဲ ရှိနေပါသေးတယ်။ တိုက်ပွဲဖြစ်တာတော့ အနည်းငယ်ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ဇွန် ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ဖျက်ဆီးနေတဲ့ ကင်းဇလုတ်ကျေးရွာအနီးကို စစ်ကောင်စီတပ်ရဲ့ MI35 လေယာဥ်ကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသေးတယ်လို့ သူကဆက်ပြောပါတယ်။
တောင်သာမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ဖျက်ဆီးနေသလို လေကြောင်းပစ်ကူတွေ ပေးနေတဲ့အပြင် သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေဟာလည်း မြင်းခြံနယ်ထဲကနေ တောင်သာနယ်အနောက်ခြမ်းက ထန်းပင်ကန် ကျေးရွာအနီးက ယူကလစ်တောထဲမှာ အထိုင်ချပြီး ၆၀ မမ လက်နက်ကြီးတွေနဲ့ပါ အချက်ပေါင်းများစွာ ပစ်ကူပေးနေတယ်လို့လည်း တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။