
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ကြေညာပါတယ်။
ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီဟာ ဇွန် ၂၄ ရက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံတင်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ကျင်းပသွားမယ်လို့ ပြောကြားလာချိန်မှာ ဦးဘရှိန် ဦးဆောင်တဲ့ ပါတီက ပါတီတည်ထောင်ခွင့်နဲ့ ပါတီမှတ်ပုံတင်ခြင်းတို့ကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားပြီး ကျောက်ဖြူမြို့နယ်လည်း တိုက်ခိုက်ခံနေရချိန် ဦးဘရှိန် ဦးဆောင်တဲ့ ပါတီက စစ်ကောင်စီထံ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးပမ်းနေတာဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ ရခိုင်နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။
“ရခိုင်ပြည်ရဲ့ အခင်းအကျင်းက မြို့နယ် ၁၄ ခုအထိ AA လက်ထဲ ရောက်သွားပြီ။ နောက် ကျောက်ဖြူက တိုက်ခိုက်ခံနေရတယ်။ စစ်တွေက စစ်ဆိုင်ထားတဲ့ အခြေအနေမှာ ရှိတယ်။ မာန်အောင်တမြို့လောက်ပဲ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားတယ်။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာ ဦးဘရှိန်ရဲ့ ပါတီအပါအဝင် ရခိုင်ပါတီတွေ ဘယ်လို ရွေးကောက်ပွဲ ဝင်ကြမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အဓိကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေး ကစားပွဲမှာ သူတို့ ဘယ်လောက်ပါဝင်ခွင့်ရပြီး ဘယ်နေရာတွေမှာ ပြိုင်ကြမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းတယ်” လို့ ပြောပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီ (RNP) ကို စစ်ကောင်စီက ဇွန် ၁၀ ရက်မှာ ပါတီတည်ထောင်ခွင့် ပြုခဲ့ပြီး ရက် ၃၀ အတွင်း ပါတီမှတ်ပုံတင်ဖို့ စေခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဦးဘရှိန်ဟာ ယခင်ပါတီ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်ဟောင်းဖြစ်ပြီး စစ်ကောင်စီက ANP ကို ပါတီတည်ထောင်ခွင့် ငြင်းပယ်လိုက်ပြီးနောက် ရခိုင်တိုင်းရင်းသားများပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် ပါတီတွေ အပါအဝင် ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားပါတီ (RNP)၊ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) အပြင် မျိုးနွယ်စုပါတီတချို့လည်း ပါတီတည်တောင်ခွင့် ရရှိထားပါတယ်။