
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ဒေါ်ရီဆွေနဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က အရေးပါတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ခေါင်းဆောင် ၆ ယောက်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နမ္မတူမြို့မှာ ဇွန် ၁၇ ရက်က ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက “ဒေါ်ရီဆွေနဲ့ ရွှေဘိုပကဖ ၆ ယောက်ကို TNLA က ဖမ်းချုပ်ထားတာ ဒီနေ့နဲ့ ဆို ၁၀ ရက်ရှိပြီ။ ဘာကြောင့်ဖမ်းလဲဆိုတော့ ဒေါ်ရီဆွေတို့ရဲ့ ကားပေါ်မှာ ပိုက်ဆံသိန်းရာနဲ့ချီ ပါလာတာကို တွေ့တော့ မသင်္ကာလို့ ဖမ်းလိုက်တာပဲ။ အဲ့ဒီငွေတွေက ရွှေဘိုပကဖတွေ Star Link နဲ့ ကားဝယ်ဖို့ ငွေတွေ။ TNLA က ကန့်သတ်ထားတဲ့ ပစ္စည်းဆိုလို့ ဘာတခုမှ ကားပေါ်မှာ မပါဘူး” လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်ရီဆွေဟာ နိုင်ငံရေးနဲ့ ပြည်သူအကျိုးကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့တဲ့နေရာမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့လို့ စစ်ကောင်စီက သူ့ရဲ့နေအိမ်ကို ချိတ်ပိတ်ခဲ့ပါတယ်။ လက်ရှိ ကျောက်မဲခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှာလည်း တာဝန်ယူဆောင်ရွက်နေသူဖြစ်ပါတယ်။
ဒေသခံတယောက်က “ဒေါ်ရီဆွေက နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားတယ်။ စစ်တပ်က အာဏာသိမ်းတော့ ထိပ်ဆုံးကနေ ဆန္ဒပြသူတွေထဲ သူပါတယ်။ သူ့အိမ် စစ်တပ်က ချိပ်ပိတ်ထားတာ ကြာပြီ။ ကျောက်မဲကို တော်လှန်ရေးအဖွဲ့တွေက သိမ်းလိုက်နိုင်မှပဲ သူ့အိမ် ချိပ်ပိတ်ထားတာကို ပြန်ဖွင့်ရတယ်” လို့ ပြောပါတယ်။
ဒေါ်ရီဆွေနဲ့ ရွှေဘိုမြို့ပကခ ၆ ယောက်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ TNLA က ထုတ်ပြန်တာ မရှိသေးသလို ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး သိရဖို့ TNLA ဘက်ကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA)၊ MNDAA ကိုးကန့်တပ်နဲ့ TNLA တအာင်းတပ်စတဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်နဲ့ တော်လှန်ရေးအင်အားစုတွေက ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယ ကာလ ၂၀၂၄ ခုနှစ် နောက်ပိုင်း TNLA တအာင်းတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဒေသတွင်း တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ နမ္မတူမြို့နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် PDF ခေါင်းဆောင် ဦးဝင်းလှိုင် (ခ) ဦးမဲတူ၊ သီပေါမြို့နယ်က ပညာရေး CDM ဆရာကျောင်း (ခ) ဆရာရန်နိုင်၊ နောင်ချိုမြို့နယ်က PDF ထောက်ပို့ ကိုဖြိုးဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (NSSAA) ရဲ့ ဦးဆောင် ကိုပိုင်၊ NSSAAရဲ့ ဘဏ္ဍရေးတာဝန်ခံ ပိစိ၊ မိုးကုတ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးဌေးနဲ့ သားဖြစ်သူတို့ကို TNLA က ဖမ်းဆီးချုပ်နှောင် အရေးယူတာတွေရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။