
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ဇွန် ၂၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့် ငလျင်တခုလှုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မွန်းလွဲ ၂ နာရီ ၁ မိနစ်မှာ လှုပ်တာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ် မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်သလို စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ချမ်းမြသာစည်မြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၂ မိုင်လောက်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ငလျင်လှုပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၇ မိနစ်ကလည်း ကော့သောင်းမြို့ရဲ့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်တကြိမ်၊ ည ၇ နာရီ ၄၂ မိနစ်ကလည်း အဲဒီနေရာဝန်းကျင်မှာ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ အဆင့်ရှိတဲ့ ငလျင်တကြိမ် လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။