
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေတိမ်းရှာင်နေရပါတယ်။
ဇွန် ၂၁ ရက်နဲ့ ၂၂ ရက်တွေက စတင်ပြီး စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ PDF တွေ ရောက်နေတယ် ဆိုပြီး ငရုတ်ကောင်းမြို့ထဲက နံ့သာပု၊ စပါးကြီး၊ မိုးတိမ်ပြင်၊ သဲဖြူ စတဲ့အုပ်စုတွေထဲက တောစပ်တွေမှာ စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “၂၁ ရက်လောက်ကပြီး စစ်ကြောင်းထိုးနေတာ။ PDF တွေ ရောက်နေတယ်ဆိုတဲ့ သတင်းနဲ့ စစ်ကြောင်းထိုးနေတာ။ စစ်ကောင်စီတပ်က အင်အားကမနည်းဘူး။ တော်ကြာ စစ်ကားတွေနဲ့ ရွာစပ်ကို စစ်သားတွေကို လာတိုးချလိုက်၊ နောက် ပြန်ခေါ်သွားလိုက်နဲ့ လုပ်နေတာပဲ။ ဒေသခံတွေက တိုက်ပွဲဖြစ်မှာကြောက်နေတယ်။ ဒါ့ကြောင့် အခု ခဏရှောင်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် နေအိမ်တွေမှာရှိတဲ့ အမျိုးသားတိုင်းကို အခုရက်ပိုင်းထဲ ခရီးမသွားဖို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားလို့ ဒေသခံတွေအနေနဲ့ အလုပ်တွေပါ ကောင်းကောင်းမလုပ်ရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ငရုတ်ကောင်းမြို့ခံတယောက်က “စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ အခု ၂ ရက်ရှိပါပြီ။ အဲဒီဒေသတွေမှာ PDF ရှိတယ်ဆိုပြီး စစ်ကြောင်းထိုးနေတာ။ အုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးချက်နဲ့ စစ်ကြောင်းထိုးနေတာလို့ သိရတယ်။ ဘာကိုအာရုံလွှဲဖို့ လုပ်နေတာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရပ်ရွာတွေဘက်မှာ စစ်ကောင်းထိုးနေတဲ့အပြင် ငရုတ်ကောင်းမြို့ အဝင်ဂိတ်တွေ၊ သင်္ဘောဆိပ်တွေ၊ ကားဂိတ်တွေမှာလည်း ရဲတွေနဲ့အတူ ဇွန် ၂၀ ရက်က စတင်ပြီး စစ်ဆေးကြမ်းနေတယ်လို့ ဆိုပါတယ်။
ငရုတ်ကောင်းမြို့ဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ တဆက်တည်းတည်ရှိတဲ့ မြို့တခုဖြစ်ပြီး တော်လှန်ရေးတပ်တွေ အချိန်မရွေး ဝင်လာနိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို စစ်ဆေးကြမ်းနေတာ၊ စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။