
အီရန်နဲ့ အစ္စရေးတို့ကြား ဒေသတွင်းပဋိပက္ခတွေ အရှိန်လျော့သွားမယ့် လက္ခဏာ မပြနိုင်သေးတာကြောင့် ပြင်းထန်လာနေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြားကပဲ လူပေါင်းထောင်ချီ တီဟီရန်ကနေ ထွက်ပြေးလာကြပြီး တူရကီနိုင်ငံဟာ အီရန်နဲ့နယ်စပ်မှာ လုံခြုံရေး အစီအမံတွေကို တင်းကျပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ယာဆာဂူလာက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
ဂူလာဟာ တူရကီနယ်စပ်ရှိ ဘာ့စ်ကေးလဲခရိုင်ကို သွားရောက်ခဲ့ပြီး အဲဒီနေရာမှာ အစီအမံတွေကို စစ်ဆေးခဲ့ပါတယ်။
တူရကီရဲ့ နယ်နိမိတ်မျဉ်းနဲ့ လေပိုင်နက် လုံခြုံရေးကနေစပြီး နိုင်ငံနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံနဲ့ လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်နေကြောင်း နယ်စပ်ရှိ စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ဂူလာက ပြောဆိုပါတယ်။ တူရကီနဲ့ အီရန်တို့အကြား နယ်စပ်အကွာအဝေးမှာ ၅၆၀ ကီလိုမီတာရှိပါတယ်။
အီရန်နိုင်ငံသားတွေကို ရက် ၉၀ အထိ ဗီဇာကင်းလွတ်ခွင့် မူဝါဒနဲ့ နေထိုင်ခွင့်ပြုပေးတဲ့ တူရ်ကီနိုင်ငံဟာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အီရန်နိုင်ငံသားတွေ လွတ်မြောက်ဖို့ အဓိကနေရာ ဖြစ်လာပါတယ်။
အရှေ့ပိုင်း တူရကီနယ်စပ်မြို့ဖြစ်တဲ့ ဗန်းန် မြို့ကို စစ်ဘေးရှောင်လာကြသူ အီရန်နိုင်ငံသားတွေ တဖြည်းဖြည်း ပိုများလာခဲ့ပါတယ်။ ဗန်းန်မြို့ရှိ ကာပီးကယိုး နယ်စပ်ဂိတ်ဟာ အီရန်နိုင်ငံသားတွေ တဖွဲဖွဲ ရောက်လာမှုကိုကိုင်တွယ်ဆောင်ရွက်နေပါတယ်။
အီရန်နိုင်ငံကနေ ခိုလှုံလာသူ အများအပြားဟာ အစ္စတန်ဘူလ်နဲ့ အန်ကာရာတို့လို တခြားတူရကီမြို့ကြီးတွေကို ခရီးထွက်ဖို့ စီစဉ်နေကြောင်း ပြောကြတာကြောင့် မြို့ရဲ့ ဘတ်စ်ကားတွေနဲ့ လေယာဉ်တွေက ကြိုတင်စာရင်းသွင်းမှုတွေ ပိုများနေပါတယ်။
တချိန်တည်းမှာပဲ သယ်ယူပို့ဆောင်ရေးပိုင်းမှာ လိုအပ်ချက်ထက် နည်းနေတာကြောင့် အီရန်နိုင်ငံသားအများအပြားဟာ ဗန်းန်မြို့မှာပဲ နေလိုက်ရဖို့ ဖြစ်လာပြီး မြို့တော်ရဲ့ ဟိုတယ်တွေမှာလည်း တည်းခိုနှုန်းတွေ မြင့်တက်လာပါတယ်။