
အင်ဒိုနီးရှားနိုင်ငံက လီဝိုတိုဘီ အမြွှာမီးတောင်ကြီးရဲ့ လာကီ-လာကီ မီးတောင်ထိပ်ဝကနေ ဇွန် ၁၇ ရက်မှာ ပြာမှုန်တိမ်တောင်တွေ ကောင်းကင်ယံ ၁၁ ကီလိုမီတာအထိ ထုတ်လွှတ်ခဲ့တာကြောင့် တာဝန်ရှိသူတွေက အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ပြာမှုန်တွေ ထုတ်လွှတ်ခဲ့တာဖြစ်ပြီး ခရီးသွားအလာများတဲ့ ဖလောရက်စ်ကျွန်းအထက် ကောင်းကင်ယံမှာ ဧရာမတိမ်ထုကြီးတွေ သဖွယ် ဖြစ်ပေါ်ခဲ့ပါတယ်။
လီဝိုတိုဘီ မီးတောင်ကြီးမှာ မီးတောင်ဝ ၂ ခုရှိပါတယ်။ လက်ရှိမှာ ၁,၅၈၄ မီတာ (တမိုင်) မြင့်တဲ့ ‘အဖိုတောင်’ ဖြစ်တဲ့ လာကီလာကီ မီးတောင်ဝကနေ ပြာမှုန်တွေထုတ်နေတာ ဖြစ်ပါတယ်။
၁,၇၀၃ မီတာမြင့်တဲ့ ‘အမတောင်’ လို့ အဓိပ္ပာယ်ရတဲ့ ပီယမ်ပူယန် မီးတောင်ဝကတော့ လက်ရှိမှာ တည်ငြိမ်နေပါတယ်။
လက်ရှိမှာ ပတ်ပတ်လည် ၇ ကီလိုမီတာ ဝန်းကျင်ကို ရှောင်ရှားရမယ့်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။
ဒီမီးတောင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူ ၉ ယောက် သေဆုံးစေခဲ့ကာ ထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။ မီးတောင်ပြာမှုန်တွေကြောင့်လည်း လေယာဉ်ခရီးစဉ် အများအပြား ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။
အနီးနားက ဒေသခံတွေ မီးတောင်ပြာမှုန်ဘေးက ကာကွယ်ဖို့ မတ်စ်တပ်ကြဖို့လည်း နှိုးဆော်ထားပါတယ်။ အနားက ရွာတရွာကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
Source: Reuters