
အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံအတွင်းပိုင်းထိ တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ နျူကလီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်စွမ်းနဲ့ အမိန့်ပေးစနစ်တွေကို ထိခိုက်စေခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဇွန် ၁၇ ရက် မှာ ပြောပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒက်ဖ်ရင်က “နိုးထလာတဲ့ ခြင်္သေ့ကြီး ‘Rising Lion’ စစ်ဆင်ရေးရဲ့ ၅ ရက်မြောက်နေ့ကို ရောက်နေပါပြီ။ အီရန်ရဲ့ နျူကလီးယား၊ ပဲ့ထိန်းဒုံးကျည်နဲ့ ကွပ်ကဲမှုစွမ်းရည်တွေကို ထိထိရောက်ရောက် ထိုးနှက်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အီရန်အစိုးရဟာ နျူကလီးယားလက်နက် ရရှိဖို့ နီးစပ်လာဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ဘီလီယံနဲ့ချီပြီး တည်ဆောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျနော်တို့ရဲ့ တာဝန်က အန္တရာယ်ကို မူလနေရာကနေ ဖယ်ရှားခြင်းပါပဲ လို့လည်း ဗိုလ်မှူးချုပ် အက်ဖီဒက်ဖ်ရင်က ပြောပါတယ်။
“ကျနော်တို့က စစ်ရေးပစ်မှတ်တွေကို ပစ်မှတ်ထားတာဖြစ်ပြီး သူတို့ကတော့ အရပ်သား နေအိမ်တွေကို တိုက်ခိုက်နေတာ။”
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကတော့ အစ္စရေးပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဗိုလ်မှူးချုပ် အက်ဖီဒက်ဖ်ရင်က “အစ္စရေးဟာ စစ်မျက်နှာစာ များစွာမှာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေချိန်မှာပဲ ကျနော်တို့ရဲ့ ဓားစာခံ ၅၃ ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ ချုပ်နှောင်ထားဆဲဖြစ်တဲ့ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ကြားခံအဖွဲ့ဖြစ်တဲ့ ဟားမတ်စ်တွေကိုလည်း တိုက်ခိုက်နေဆဲပါ။ ဓားစာခံတွေ အိမ်ပြန်မရောက်မချင်း အနားယူမှာ မဟုတ်ပါဘူး” လို့ပြောပါတယ်။
အီရန်က အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ နျူကလီးယားလက်နက် တီထွင်ထုတ်လုပ်ဖို့ နီးကပ်နေပြီ ဖြစ်ကြောင်း သုံးသပ်ပြောဆိုလိုက်ပြီးနောက် အစ္စရေးက အီရန်ကို သူ့ရဲ့ အကြီးဆုံး လေကြောင်းစစ်ပွဲကို သောကြာနေ့မှာ စတင်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်ရဲ့ နျူကလီးယားဖွံ့ဖြိုးရေးကို မတားဆီးနိုင်မချင်း နောက်ဆုတ်မှာမဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
အီရန်က ယူရေနီယံတိုးမြှင့်မှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်သွားဖို့ သဘောတူခဲ့ရင်တော့ အစ္စရေးဘက်က စစ်ဆင်ရေးကို ရပ်သွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုထားပါတယ်။
Source: Reuters